လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

သြဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ တပ်နဲ့  ထိုင်တော်မူဘုရားအနီးတပ်စွဲထားတဲ့ စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ကူနေတယ်လို့ Cobra Column မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“စစ်ကောင်စီကတပ်လာတာ အခုထိတွေ့မှု​ဖြစ်နေတာ အင်အားများတယ် လက်နက်ကြီးမျိုးစုံနဲ့လည်း ပစ်ကူပေးနေတာ သူတို့ကထိုင်တော်မူဘက်ကနေပစ်နေတာ နေရာစုံပဲ အခုကတောက်လျှောက်ကို ပစ်နေတာ” လို့ သူကပြောပါတယ်။

အခုလို နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးတာတွေရှိနေပေမဲ့ အတည်မပြုနိုင်သေးဘူးလို့သူကပြောပါတယ်။

မနက် ၁၀ နာရီဝန်းကျင်အချိန်မှာလည်း ဂျက်လေယာဥ်နှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ် လက်အောက်ခံ BGF တပ်ဘက်မှလည်း အင်းအားဖြည့်တင်းနေတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။

“ခုနကပဲလေယာဥ်ဗုံးကျဲတာ သုံးလုံးရှိနေပြီး အိမ်ပါတုန်တယ် လေယာဥ်နှစ်စီးတောင် တိုက်ပွဲကအကြီးကျယ်ပဲ” လို့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

အမျိုးသားတစ်ဦးကလည်း “မြို့ထဲက BGF ကား သုံးစီးလေးစီးလောက်ရှိမယ် အဲ့ဖက်တက်သွားတယ် ၁ စီးကို ၈ ယောက်/၁၀ ယောက်နှုန်းနဲ့” လို့ သူပြောပါတယ်။

တိုက်ပွဲ​ဖြစ်ပွားနေပေမဲ့လည်း ​​မြဝတီမြို့မှာရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံ အခြေခံပညာ အစိုးရကျောင်းတွေမှာတော့ ကျောင်းပိတ်တာမျိုးမရှိပေမဲ့ ကျောင်းသားမိဘအများစုမှာ ကျောင်းကိုပို့ဆောင်တာမရှိတော့ဘူးလို့ မြဝတီမြို့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရပ်နေ့မှာ လက်ခတ်တောင်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး တပ်စကုန်းသိမ်းယူနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဘက်မှ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် အခုလိုတိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေတာကြောင့် မေတ္တာလင်းမြိုင်၊ ကျောက်လုံးကြီးအနီးတဝိုက်နဲ့ တုံးတံတားကျေးရွာကဒေသခံ ၆၀၀ ကျော်လောက်ဟာလည်း မြဝတီမြို့တွင်းက ဘုန်း ကြီးကျောင်း တွေမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေတိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ဘားအံနဲ့ လှိုင်းဘွဲမြို့နယ်ကဒေသတချို့မှာတော့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)