NCA ပျက်သွားတယ်လို့ KNUထုတ်ပြန်ကြေငြာလိုက်တဲ့အပေါ် တနင်္သာရီတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အမြင်သဘောထားမျိုးစုံရှိနေ

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်

KNU ကရင်အမျိုးသားအစည်းအရုံးက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် (NCA) ပျက်သွားပြီလို့ တရားဝင်ထုတ်ပြန် ကြေငြာလိုက်ပြီး တနင်္သာရီတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်တွေ အဖွဲ့တွေကြားထဲမှာ အမြင်သဘောထားတွေ အမျိုးမျိုးရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)  ပျက်သွားပြီလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကထုတ်ပြန်ကြော်ငြာပြီးအချိန်မှာ မြိတ်ခရိုင် တပ်ရင်း(၁) အနေနဲ့ ဝမ်းသာအားရကြိုဆိုပြီး စစ်ကောင်စီတပ်တွေကို အတူတူလက်တွဲပြီး ဆက်လက်တွန်းလှန်သွားမယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

“သူတို့ဘက်ဒီလိုပြောလာတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်။ မြိတ်ခရိုင်တပ်ရင်း (၁) အနေနဲ့ KNU တွေနဲ့ အတူတကွပူးပေါင်းပြီး တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမှာပါ” လို့ သူကအခုလို ပြောပါတယ်။

KNU က NCA ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ အရင်နှစ်တွေကထက် ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အချိန်တိုင်းသတိရှိဖို့ လိုအပ်ပြီး တိုက်ပွဲတွေနဲ့အတူ နောက်ဆက်တွဲဖြစ်လာမဲ့အရာက စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲစိန်ခေါ်မှုက ပိုများလာနိုင်တယ်လို့ KNU တပ်မဟာ (၄) နယ်မြေထဲမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ 

“KNU က အခုလိုပြတ်ပြတ်သားသားရပ်တည်လိုက်တာကိုလည်း ဝမ်းသာပါတယ်။ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ကျနော်တို့ ပြည်သူတွေအနေနဲ့က အနေအထိုင်အသွားအလာ သတိထားရတော့မယ်။ စစ်ရှောင်တဲ့အချိန်ဆိုလည်း အရင်ကထက် ပိုခက်ခဲလာနိုင်တာပေါ့။ ကိစ္စရပ်တိုင်းမှာ ကောင်းတာနဲ့အတူ အဆိုးတွေလည်း တွဲပါလာတာဖြစ်စဉ်ပဲလေ။ ကျနော်တို့ကတော့ ရင်ဆိုင်ရမှာဘဲ” လို့ သူကအခုလိုပြောပါတယ်။

လတ်တ‌လော KNU ပြောဆိုချက်နဲ့ပတ်သတ်ပြီး တနင်္သာရီတိုင်း ဒေသအတွင်း ကာကွယ်ရေးအဖွဲ့တွေနဲ့ KNU ကြား ပဠိပက္ခအမျိုးမျိူး ဖြစ်ပွားနေတာကြောင့်  တနင်္သာရီတိုင်းထဲရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တချို့ထဲကမှ တာဝန်ရှိသူတစ်ဦးက KNU ကို ယုံကြည်မှုလုံးဝ မရှိဘူလို့ အခုလိုပြောဆိုလိုက်ပါတယ်။

အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “အကုန်လုံး ကိုတော့ မဆိုလိုပါဘူး။ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်နေတာလေ။ အဖွဲ့တွေအနေနဲ့ ဘယ်လိုပုံစံနဲ့ပတ်သတ်ပြီး သွားမလဲဆို တာကိုတော့ မသိသေးဘူးပေါ့။ တိုက်ခိုက်ရေးသွားရင်တောင် no မှ local အဖွဲ့တွေ၊ PDF တွေနဲ့ဘဲအတူတူသွားမယ်။ KNU နဲ့တော့ ပူးပေါင်းပြီး ကျနော်မသွားဘူး။ သူတို့က နောက်ကျောကိုဓားနဲ့ထိုးမဲ့လူတွေလေ” လို့ သူကပြောပါတယ်။ 

NCA ပျက်ပြယ်သွားပြီလို့ ထုတ်ပြန်ကြေငြာလိုက်တဲ့အပေါ် KNU-က ရင်အမျိုးသားအစည်းအရုံးအနေနဲ့  ၁၇ ကြိမ်မြောက် ကွန်ဂရက်ကနေ KNU က ပြတ်သားတဲ့ တော်လှန်ရေးရပ်တည်ချက်ကို ထုတ်ပြော လာတာ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူကပြောပါတယ်။ 

“NCA ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး အဓမ္မအာဏာ သိမ်းလိုက်ကတည်းက ပျက်သွားပြီလို့ ပြောလို့ရတယ်။ အခုက သူတို့ရဲ့ ကွန်ဂရက်ကနေ ပြတ်သားတဲ့ရပ်တည်ချက်ကို ပြည်သူတွေသိအောင် ထုတ်ပြောလာတာဖြစ်တယ်လို့မြင်ပါတယ်” လို့သူကဆိုပါတယ်။ 

တနင်္သာရီတိုင်းထဲမှာ တချို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက KNU တပ်ခွဲတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတာရှိသလို ပြီးခဲ့တဲ့ ဇူလိုင်လက အရှေ့တောနယ်မှာ KUN နဲ့ KTLA အဖွဲ့တွေကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က တပ်မဟာ(၄)၊ တပ်ရင်း(၁၀)က တပ်မှူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ သတင်းအရင်း အမြစ်တွေအရ သိရပါတယ်။ 

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၄) နယ်မြေ အရှေ့တောဒေသအတွင်း KNU ဘက်က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့  KTLA နဲ့ KNU အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ဖူးတယ်လို့ ဒေသအတွင်းသတင်း အရင်းအမြစ် တွေ ပြောဆိုချက်အရ သိရပါတယ်။ 

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)