
သြဂုတ်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်ထဲက ဒေသတချို့မှာ မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေတက်လာတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်လောက်ကနေစပြီး ကရင်ပြည်နယ်အတွင်းက ဘားအံမြို့၊ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ ရပ်ကွက်တချို့မှာ မိုးအဆက်မပြတ် ရွာသွန်းကာ မြေရေတိုးလာတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘားအံမြို့ ကမ်းနားလမ်း၊ ဘားအံရှုခင်းသာနဲ့ အမှတ် ၂ ရပ်ကွက် ဆယ်အိမ်စု တဝိုက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေတက်လာတာကြောင့် ရပ်ကွက်တွေအတွင်း ရေကြီးရေလျှံနေတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ရေတော့တက်လာတယ် အရမ်းကြီးမများသေးဘူး အနိမ့်ပိုင်းဘက်ကလူတွေကတော့ ရွှေရင်မျှော်ဘက် နေကြမယ်ထင်တယ် အခုကဆယ်အိမ်စု၊ ကိုင်းထဲဘက်တို့ ခြုံပြောရရင် အမှတ် ၂ ပေါ့၊ အခုလောလောဆယ်တော့ ဒီနားတဝိုက်လောက်ပဲထင်တယ်” လို့ သူကပြောပါတယ်။
မြဝတီမြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ သောင်းရင်းမြစ်ရေတိုးလာကြောင့် သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းကတည်းက မြေနီကုန်းအနီးက အာရှလမ်းမကြီးပေါ်အထိကို ရေလျှံနေပြီး မြဝတီမြို့က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ်၁၊ အမှတ်၂၊ အမှတ် ၄ နဲ့ အမှတ် ၅ ရပ်ကွက်တွေမှာ ဒီနေ့ သြဂုတ်လ ၄ ရက်နေ့အထိကို ရေဆက်လက်မြင့်နေကာ ပြောင်းရွှေ့နေထိုင်တာမျိုးမရှိသေးပေမဲ့ အခြေနေကို ဆက်လက်စောင့်ကြည့်နေတယ်လို့ မြဝတီမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့မှာလည်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ရပ်ကွက်တချို့မှာလည်း ရေကြီးရေလျှံနေပြီး ကျုံဒိုးမြို့မှာလည်း ရေဆက်လက်မြင့်တက်နေတာကြောင့် ကျုံဒိုးမြို့အနိမ့်ပိုင်းရှိ ခန့်မှန်းလူဦးရေ ၃၀၀ ဝန်းကျင်လောက် အထက (ကျုံဒိုး)ကျောင်းမှာ နေထိုင်နေကြကာ အနီးအနား ကျေးရွာတွေဖြစ်တဲ့ ညောင်ရိပ်သာ၊ သရက်တော၊ ကမ်းနီ ကျေးရွာတွေမှာ ရေကြီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရေတော်တော်များနေပြီး ကျုံဒိုးဘက်က အနိမ့်ပိုင်းအိမ်မြုပ်သွားတဲ့သူတွေက အထက(ကျုံဒိုး) ကျောင်းမှာ ပေးနေထားတယ်လို့တော့ကြားတယ် လူဦးရေက ၃၀၀ လောက်ရှိနိုင်တယ် ရေကြီးတာ ကတော့ ကျုံဒိုးမြို့ပေါ်က သိမ်ကုန်းကမ်းနားပိုင်း၊ တောင်ကရင်စု၊ မြောက်ကရင်စု၊ စက်ပိုင်း၊ အေးစေတီဘုရားရှေ့ကမ်းနားပိုင်း အနီးဝန်ကျင်ရွာတွေကတော့ ညောင်ရိပ်သာ၊ သရက်တော၊ ကမ်းနီ လမ်းတွေကတော့ အာရှလမ်းမကြီးကလွဲရင် ကျန်တဲ့ ကျေးရွာချင်းဆက်လမ်းတွေအကုန် ရေလွှမ်းနေတယ် ရေဘေးသင့်တဲ့ အိမ်ကအများကြီးဆိုပေမယ့် အိမ်မမြုပ်ရင်တော့ အိမ်မှာပဲနေကြတယ် မရတော့မှသွားကြတယ်” လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ရပ်ကွက် ၆ မှာလည်း ရေကြီးရေလျှံနေတာကြောင့် အိမ်ခြေ ၈၂ အိမ်လောက် ရေနစ်မြုပ်နေတာဖြစ်ပြီး ရပ်ကွက်အတွင်းနေထိုင်သူတွေမှာလည်း ကြာအင်းဆိပ်ကြီးမြို့ မူကြိုကျောင်း အနောက်ဘက်မှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
လှိုင်းဘွဲမြို့နယ်အတွင်းမှာလည်း ဒီနေ့သြဂုတ်လ ၄ ရက်နေ့အထိ ရေဆက်လက်မြင့်တက်နေကာ ရပ်ကွက် ၄ ခုလောက်ရေမြုပ်နေပေမဲ့ (ခ)ရပ်ကွက်က အိမ်ထောင်စု ၃ စုလောက်သာ မူလွန်ကျောင်းမှာ နေထိုင်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တုန်းကလည်း ဘားအံမြို့ပေါ်နဲ့အနီးတဝိုက်ကျေးရွာတွေဘက်မှာ ၂ လနီးပါး ကြာတဲ့အထိ ရေကြီးနစ်မြုပ်ခဲ့တဲ့အပြင် ကရင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာလည်း အခုလို ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။
ကရင်ပြည်နယ်မှာရှိတဲ့ ဒေါနတောင်ကျရေတွေက ဟောင်သရောမြစ်၊ ဂျိုင်းမြစ်၊ လှိုင်းဘွဲချောင်းတွေ အတွင်းကို စီးဝင်တာကြောင့် ကရင်ပြည်နယ်ထဲက မြို့နယ်တွေမှာ ရေကြီးရေလွှမ်းမိုးမှုကို နှစ်စဥ်ကြုံတွေ့နေရတဲ့အခြေအနေဖြစ်လာတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than(People’s Radio Myanmar)