မာခရောရှေ့ရွာအနီး စစ်ကောင်စီနဲ့ KA၊ KNDF တပ်များ ထပ်မံတိုက်ပွဲဖြစ်ပွား။

ဖေဖော်ဝါရီ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မာခရောရှေ့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ရေထွက်ပေါက်ကို ရေလာခပ်စဉ် KA၊ KNDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၅) ရက် မနက် ၁၁:၀၀ အချိန်လောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း KA၊ KNDF တပ်ဖွဲ့များဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ KNDF တပ်ရင်း (၁၅) က သတင်းထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲများအ​ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြု ပစ်ခတ်ခဲ့သောကြောင့် မာခ​ရောရှေ့ကျေးရွာတွင်းရှိ ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်ဆီးခဲ့ရပါသည်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNDF B-15

စစ်ကောင်စီရဲ့ အင်အား (၆၀) ခန့်ပါတဲ့ စစ်ကြောင်းဟာ အဲဒီနေ့ မနက် ၇:၀၀ အချိန်ခန့်မှာလည်း အမှတ် (၁၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ မာခရောရှေ့စခန်းကို ရိက္ခာများပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မာခရောရှေ့စခန်းဟာ စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းအနီး တောင်ကုန်းမှာ အကာအကွယ်သဖွယ်တည်ရှိနေတာဖြစ်တာကြောင့် ကရင်နီပူးပေါင်းတပ်များက မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိပါတယ်။ ၂၀၂၂ ခုနစ် တနှစ်တည်းမှာလည်း ကရင်နီပူးပေါင်းတပ်များက မာခရောရှေ့စခန်းကို (၇) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပါတယ်။

KNDF B-15