
ဩဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို မှတ်ပုံတင်စမတ်ကတ် အဓိကထုတ်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ဇူလိုင်လ လလည်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေကို အဓိကထားပြီး လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်စမတ်ကတ်တွေကို ထုတ်ပေးနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“ခန်းမမှာ လဝကတွေက လုပ်ပေးနေတာ၊ A4 စာရွက်ဘဲထုတ်ပေးသေးတယ်၊ လုပ်ပေးတာကတော့ နှစ်ပတ်ကျော်နေပြီး၊ စစ်ကောင်စီတပ်လက်အောက်ခံတွေကို အဓိကလုပ်ပေးနေတာ၊ ရပ်ကွက်သမားတွေမပါသေးဘူး၊ ဝန်ထမ်းတွေက အရင်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ မှတ်ပုံတင်စမတ်ကတ်တွေကို ပြုလုပ်ပေးနေတာ ၂ ပတ်ကျော်ကြာနေပြီး ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့မနက်ပိုင်းမှာတော့ ခရီးသွားလာခွင့်ကတ်(စမတ်ကတ်) ပြုလုပ်ဖို့အတွက် ကားနဲ့လှည့်လည်အော်ပြောခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း မှတ်ပုံတင်စမတ်ကတ်တွေကို တစ်ရပ်ကွက်လျှင် အယောက် ၅၀ နှုန်းနဲ့လုပ်ပေးနေတယ်လို့ ဘားအံမြို့ဒေသခံတွေဆီက သိရပါတယ်။
“ဒီမှာက ကတ်တွေကို တစ်ရပ်ကွက် အယောက် ၅၀ နှုန်း ဦးသူယူစနစ်နဲ့လုပ်ပေးနေတယ်၊ သွားလုပ်ရင်တော့ မှတ်ပုံတင်မိတ္တူတစ်စောင်ပဲလိုတယ်၊ ခရီးသွားလို့အဲ့ဒီကတ်နဲ့ဆိုရင် စက်ထဲထည့်လိုက်ရင်ဘယ်သူလဲထွက်လာတယ်” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ဘားအံမြို့တွေမှာ ခရီးသွားလာခွင့် ကတ်ပြားတွေကို ပြုလုပ်ပေးနေပေမဲ့ ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်မြို့၊ သံတောင်မြို့နဲ့ လှိုင်းဘွဲမြို့တွေ မှာတော့ မှတ်ပုံတင်စမတ်ကတ်တွေကို ပြုလုပ်ပေးတာတွေမရှိသေးဘူးလို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံံ – CJ
Phar Si Than (People’s Radio Myanmar)