ကြာအင်းဆိပ်ကြီးဒေသမှာ စစ်ကောင်စီတပ်က ညနေဘက်အပြင်သွားလာတဲ့ဒေသခံတွေကို လိုက်လံပစ်ခတ်မှုရှိနေ

သြဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ညနေဘက်အပြင်ထွက်သွားလာသူတွေကို လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ဒရုန်းနဲ့ဗုံကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ညနေ၆ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူတွေကို စစ်ကောင်စီတပ်ဘက်မှ သေနတ်​တွေနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“အစစ်ဆေးတွေက ညနေပိုင်းကျတော့စောစောပေါ့ ၆ နာရီလောက် အရင်ကထက်ကို နည်းနည်းစောသွားတယ် အလုပ်တွေဆိုလည်း မြန်မြန်သိမ်းပြီးပြန်ရတယ် အရင်ကထက်ပိုပြီး ဆိုးလာသလိုပဲ လမ်းမှာတွေ့ရင်လဲပစ်သေးတယ် အချိန် ၆ နာရီ နည်းနည်းစွန်းသွားရင်မရဘူး ညနေပိုင်းပေါ့ မနက်ဘက်ကျတော့ ကင်းလှည့်တဲ့သူမရှိဘူး အဲ့လိုပစ်လို့ထိတဲ့သူတော့မရှိသေး သူ့တို့ဘက်က ကင်းလှည့်ရင်ကား ၃ စီးနဲ့”လို့ သူကပြောပါတယ်။

ဒေသခံအမျိုးသား ၁ ဦးကလည်း “အစစ်ဆေးတွေကတော့ရှိတယ် လမ်းတွေဂိတ်တွေမှာ ဘယ်နှနေရာ ရှိလဲတော့မသိဘူး အချိန်လွန်တော့သွားမရဘူးပစ်တာပေါ့”လို့ သူကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ စည်ပင်ရုံး ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့မရှိဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာတာမျိုးမရှိတော့ပေမဲ့ အ ခြားတော်လှန်ရေး အင်အားစုတပ်ဖွဲ့​တွေမှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဒရုန်းမစ်ရှင် တချို့ပြုလုပ်တာတွေ ကြားသိရတယ်လို့ Cloud wings ဒရုန်းအဖွဲ့မှ တာဝန်ခံကိုငြိမ်းကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်မှလည်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ညတိုင်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကြားအင်းဆိပ်ကြီးမြို့ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ကရင်ပြည်နယ်အတွင်းက မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ဖားပွန်မြို့၊ သံတောင်မြို့ တွေဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဘားအံမြို့နဲ့ လှိုင်းဘွဲ့မြို့နယ်က ဒေသတချို့မှာတော့ နှစ်ဖက်စစ်ရေးအခြေနေ တင်းမာနေတယ်လို့သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဇွန်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ ဦးသေဆုံးကာ၊ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ဘုန်းကြီးကျောင်းအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than(People’s Radio Myanmar)