ပိန်းတောရွာစာသင်ကျောင်းကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကဇိရွာနဲ့ ပိန်းတောရွာကြားမှာ စစ်ကောင်စီတပ်သား တွေလိုက်ပါလာတဲ့ စစ်ကားကြီး ၃ စီး မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး လောက် သေဆုံးခဲ့တယ်လို့ Dawei Information Centerရဲ့ တာဝန်ရှိသူကပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၉ နာရီခွဲလောက်မှာ သရက်ချောင်းမြို့ဘက်မှ ပိန်းတောရွာဘက်ကို လာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Dawei Information Centerရဲ့ တာဝန်ရှိ အခုလိုပြောပါတယ်။

“ကား ၃ စီးနဲ့ သရက်ချောင်းဘက်ကနေ ပိန်းတောစာသင်ကျောင်းဘက်ကိုတက်လာတာ။ ပထမ တစ်စီးမှာက အင်အား ၂၀ ကျော်လောက်ပါတယ်။ ကျန်နှစ်စီးမှာတော့ နည်းတယ်။ မိုင်းဆွဲပြီး သေနတ်နဲ့ ၁၀ မိနစ် လောက်ပစ်ခဲ့ပါတယ်” လို့သူကပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၇ နာရီလောက် စစ်ကောင်စီတပ်တွေဖွင့်လှစ်ထားတဲ့ ပိန်းတောရွာ စာသင်ကျောင်းအရှေ့မှာ အသံမိုင်းခွဲပြီး သတိပေးခဲ့တာကြောင့် အဆိုပါဖြစ်စဉ်ကို သရက်ချောင်းဘက်က စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စာသင်ကျောင်းမှာက စာမေးပွဲကျင်းပနေတာ။ စစ်ကျွန်ပညာရေးကိုရပ်တန့်စေချင်လို့ စာသင်ကျောင်း ပေါက်ဝရှေ့မှာ အသံမိုင်းခွဲလိုက်တာ။ အသံမိုင်းဆို‌တော့ ထိခိုက်မှုတော့မရှိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်သားတွေကို ရှေ့ထွက်မိုင်းကြီး (၁) လုံး၊ ရှေ့ထွက်မိုင်းငယ် (၅) လုံး နဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် မြေပြင်အချက်အလက်တွေအရ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ပြီးခဲတဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ထားဝယ်-သရက်ချောင်း ကားလမ်းမပေါ်ရှိ သင်းကျွန်းရွာအနီး စစ်ကောင်စီတပ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – Dawei Information Center

Phar Si Than (People’s Radio Myanmar)