
ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း အာရှလမ်းမှာ ကားအသွားအလာနည်းပါးနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အာရှလမ်းမမှာ ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အပြင် စစ်ကောင်စီတပ်တွေက ပိုက်ဆံကောက်နေတာကြောင့် ကားအသွားအလာနည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားတွေကဆင်းတာနည်းတယ်၊ တိုက်ပွဲကိုလည်းကြည့်ပြီးမောင်းနေရတယ်၊ ပြီးတော့ လမ်းမှာလည်း ဂိတ်တွေရှိတယ်၊ တောင်ပေါ်လမ်းစတက်တာကနေ ကော့ကရိတ်အဝင်ထိကို တစ်သိန်းလောက် ကုန်တယ်၊ အဲ့ဒါကြောင့် ကားဆင်းတာနည်းနေတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေတာကြောင့် မြဝတီ-ကော့ကရိတ် လမ်းတစ်လျှောက်ကားမောင်းနေတဲ့ ကားသမားတွေမှာ အခြေနေကြည့်ပြီးမောင်းနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။
“ကားကတော့ ကြည့်ပြီးသွားရတယ်၊ မနေ့က ကမိုင်ကုန်းမှာ ဖြစ်တော့ ကားတွေပိတ်ကုန်တယ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့လည်း ပစ်တယ်လေ၊ ဒီနေ့ကတော့ သွားတဲ့ကားနည်းနည်းဘဲရှိတယ်၊ အခြေနေကြည့်ပြီးသွားကြတာပေါ့” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အခုလိုကားလမ်းပိတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့နဲ့ ဖာပွန်မြို့တွေမှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ် နေပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)