
ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ သထုံမြို့နဲ့ ဘီးလင်းမြို့ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်ချောင်းကူးတံတား မိုင်းခွဲခံရကာ တံတားတခြမ်းမှာ လုံးဝပြိုကျပျက်စီစသွားခဲ့တယ်လို့ လမ်းပိုင်းအတွင်းသွားလာနေတဲ့ကားသမားတွေထံမှသိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့မနက် ၄ နာရီဝန်းကျင်အချိန်မှာမိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး တံတားပြိုကျ ပျက်စီခဲ့တဲ့အပြင် ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ကာ အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ လမ်းပိုင်းအတွင်း ပိတ်မိနေသူကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။
“ဘေလီတံတားထိုးမယ်လို့တော့ကြားတယ်၊ လူကတော့ တစ်ဦးသေတယ် အလောင်းကတော့မတွေ့ လိုက်ရဘူးလို့ ကားလေးနှစ်စီးအောက်ကျနေတယ် တစ်စီးကအပေါ်မှာ၊ခု နစ်နာရီလောက်ကတော့ ပစ်တာတွေရှိသေးတယ် ” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ အိမ်စီးကားနဲ့ Express ကားမှာ သွားလာနေကြကာ ကုန်တင်ကားတွေမှာ သွားလာမရတာကြောင့် အဲ့ဒီလမ်းပိုင်းမှာသာပိတ်မိနေပြီး တံတားပြင်ဆင်ဖို့ရောက်ရှိလာတဲ့ သထုံခရိုင်လမ်းဦးစီးမှူးမှာလည်း သေနတ်နဲ့ပစ်ခတ်ခံရတာ သေဆုံးခဲ့တယ်လို့သူကဆက်ပြောပါတယ်။
“အိမ်စီးကားတွေသွားလို့ရပါတယ် နှစ်ဖက်ပစ်တဲ့ကြားညုပ်တာပါ ဒဲ့ပြစ်တာတော့မဟုတ်ပါဘူး” ဆိုပါတယ်။
ကျုံအိတ်တံတားမှာ မော်လမြိုင်-ရန်ကုန်လမ်းပေါ်မှာတည်ရှိကာ ဘီးလင်းမြို့သထုံမြို့ရှိ ဒေသခံတွေအပါအဝင် လမ်းပိုင်းအတွင်းသွားလာနေတဲ့ ကားမောင်းသူတွေနဲ့ခရီးသည် အဓိကအသုံးပြုနေတဲ့ မိန်းလမ်းမကြီးဖြစ်တာပြီး အခုလိုတံတားမိုင်းခွဲရတာကြောင့်နောက်ပိုင်း သွားလာတဲ့အခါမှာ အခက်ခဲတွေများစွာဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် ဇွန်လ ၂၉ ရက်နေ့မနက် ၁၁ နာရီ အချိန်ထိကို ဘီးလင်းအခြေစိုက် ဇီးဝန်ကျေးရွာအနီးရှိ အမှတ် ၃၁၄ တပ်ကနေ ရွှေရောင်ပြကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)