ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကိုနေ့တိုင်းဖမ်းဆီးနေတာကြောင့် ဒေသခံတွေသွားလာရေးခက်ခဲနေ

ဇွန်လ ၂၉ရက် ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ယာဉ်တွေကို နေ့တိုင်းနီးပါးဖမ်းဆီးနေတာကြောင့် ဒေသခံတွေရဲ့ သွားလာရေးနဲ့ စားဝတ်နေရေးမှာ အဆက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့ကစပြီး လိုင်စင်မဲ့ယာဉ်တွေကို နေ့တိုင်းနီးပါးဖမ်းဆီးနေတာဖြစ်ပြီး လက်ရှိအချိန်မှာ ဖမ်းဆီးခံရတဲ့လိုင်စင်မဲ့ကား ၁၅၀ ကျော်ရှိနေကာ ဘားအံမြို့မရဲစခန်းထဲမှာ ထိန်းသိမ်းထားတာပါ။

အခုလို လိုင်စင်မဲ့ယာဥ်တွေကိုဖမ်းဆီးနေတာကြောင့် ဒေသခံတွေရဲ့ သွားလာရေးနဲ့ နေ့စဥ်စားဝတ်နေရေးမှာ အဆက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

” ဖမ်းတာကနေ့တိုင်းဖမ်းတယ်၊ပုံစံမျိုးစုံဘဲ၊ လမ်းမှာရပ်ထားတဲ့ကားတွေကိုဖမ်းတယ်၊ သူတို့ကတစ်ချိန်လုံးလှည့်နေတော့ အပြင်သွားရင် ကြည့်သွားရတာပေါ့၊ တော်ရုံတန်ရုံကိစ္စဆိုအပြင်မသွားကြဘူး၊ စျေးဆိုရင်လည်း မနက်အစောကြီးထသွားကြတယ်၊ အခုလိုဖမ်းနေတော့ သွားလာရတာအဆင်မပြေဘူးပေါ့၊” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်က လိုင်စင်မဲ့ကားဖမ်းဆီးခံရပါက ငွေကျပ် ၁သိန်းနဲ့ပြန်ရွေးရပြီး လက်ရှိအချိန်မှာ ကားကိုအပြီးသိမ်းတဲ့အပြင် ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၃သောင်းနဲ့ပြန်လည်ရွေးယူရတယ်လို့ ဘားအံမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

” အရင်ကတော့ ​ကားဖမ်းမိရင်ပြန်ပေးတယ်၊ ငွေ ၁သောင်းပေးရတယ်၊ အခုကတော့ ကားဖမ်းမိရင်အပြီးသိမ်းတယ်၊ဘယ်မှာမှရှင်းလို့မရတော့ဘူး၊လူကိုတော့ထောင်ချမယ်ကြားတယ်၊ အခုချိန်ထိတော့ တစ်ယောက်မှမကျသေးဘူး၊ ဆိုင်ကယ်ကတော့ ငွေ ၃သောင်းဒဏ်ရိုက်တယ်၊ ဆိုင်ကယ်က တစ်ခုချင်းစီစစ်တယ်၊ အခုဖမ်းတာက တစ်မြို့လုံးကို လှည့်ပြီးဖမ်းတယ်၊ တွေ့တာနဲ့ သိမ်းတယ်၊ အခုဆို အိမ်ကကားကို အိမ်ထဲမှာမထားရဲတော့ဘူး မြို့ပြင်မှာသွားထားထားရတယ်၊” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ဘုရားသုံးဆူမြို့တွေမှာ လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးမဲ့အကြောင်းကို ကြေညာထားပေမဲ့ လက်ရှိအချိန်ထိ ဘားအံမြို့တစ်မြို့ထဲမှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဘားအံမြို့ဒေသခံတွေရဲ့ကားတွေကိုသာဖမ်းဆီးတာဖြစ်ပြီး ဘားအံမြို့နယ်ထဲမှာရှိတဲ့ မဘသဘုန်းကြီးကား၊ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ကားနဲ့၊ အဖွဲ့အစည်းကားတွေကိုတေယ့ ဖမ်းဆီးတာတွေမရှိဘူးလို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Cj

Phar Si Than(People’s Radio Myanmar)