ပုလောမြို့ နှစ်ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ကျဆုံးများပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦးကျဆုံး

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနစ်

စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှု တွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့က အင်အား ၂၀၀ ကျော်လောက်ရှိတဲ့  စစ်ကောင်စီတပ်စစ်ကြောင်းက မနက် ၁၁ နာရီ ၄၀ မိနစ်လောက်မှာ ပဝတ်ကုန်းကျေးရွာထဲကို စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်လာခဲ့ တာကြောင့် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်အထိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ အပြင်းအထန်ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက အခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ၂၀ ရက်နေ့ မနက်ကတည်းက ပစ်ခတ်မှုတွေက ပြင်းပြင်းထန်ထန်ဖြစ်တာ ညနေ ၅ နာရီလောက်မှာ ပြန်ငြိမ်သွားတယ်။ ၅ နာရီ ၃၀ မှာ ထပ်ဖြစ်တယ်။ ညလုံးပေါက် ပစ်လိုက်နားလိုက်နဲ့ ၂၁ရက်နေ့ထိ ဖြစ်နေတယ်။ အပြီးအသတ်ငြိမ်တာက ည ၇ နာရီလောက်ပေါ့” လို့ သူကပြောပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲအတွင်း မြိတ်ခရိုင်တပ်ရင်း (၁)က တပ်သားဖြစ်တဲ့ ရဲဘော်သံချောင်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော် သေဆုံးကာ အလောင်းတစ်လောင်း ကျန်ရစ်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

“ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ ထုတ်ပြန်ချက်မှာက ၁၀ ဦးလို့ ရေးထားပေမယ့် မြေပြင်မှာတော့ ဒီထက်ပိုပြီး ကျဆုံးတာလည်းရှိနိုင်တယ်။ ၁၀ ဦးကျတာက ရဲဘော်တွေ မျက်မြင်တွေ့တာပါ” လို့ သူကဆက်ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ခလရ ၂၈၅ တပ်ရင်းနဲ့ microwave တောင်ပေါ်မှ  ၆၀ မမ၊ ၁၂၀ မမ တွေ ရာနဲ့ချီပစ်ကူပေးခဲပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တွေက ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းနဲ့ ပလမြို့က တပ်တွေဖြစ်တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ လက်နက်ကြီး အဓိက ပစ်တာက ခလရ ၂၈၅တပ်ရင်း၊ microwave တောင်လို့ခေါ်တဲ့ နေရာတွေကနေ အဓိကပစ်တယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၁၊ ပကဖ၊ KNDO အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။  အခုလက်ရှိအချိန်မှာတော့ နှစ်ဖက်တိုက်ပွဲက ငြိမ်သက်နေပြီး စစ်ကောင်စီတပ်သားတွေ အနေနဲ့ တပ်ပြန်ဆုတ်၊ မဆုတ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

ပဝတ်ကုန်းကျေးရွာက ရွာသားတွေကတော့ ပြီးခဲတဲ့ ၂၀၂၁ ခုနှစ် ‌အောက်တိုဘာလ ကတည်းက စစ်ဘေးရှောင်နေကြတဲ့အတွက် အရပ်သား ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ဇွန်လ ၁၇ ရက်နေ့ကလည်း မြိတ်- ထားဝယ်ကားလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ခရီးသည်ကားတွေကို စစ်ဆေးနေချိန် စစ်ကောင်စီတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူတစ်ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးဂိတ်တွေကို ပိတ်ချလိုက်တာဖြစ်ပြီး ခရီသည်တင်ကား အများအပြား ၂ရက်ကြာပိတ်မိနေပြီး အခုလက်ရှိအချိန်မှာတော့ တိုက်ပွဲအခြေအနေငြိမ်နေတာကြောင့် ပုံမှန်သွားလာနေကြပြီလို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး အခုလက်ရှိအချိန်မှာလည်း နှစ်ဖက်တိုက်ပွဲ အခြေအနေက ပိုမိုပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – မြိတ်ခရိုင်တပ်ရင်း ၁

Phar Si Than (People’s Radio Myanmar)