ပလော့တပို့ စစ်ရှောင်စခန်းကကလေးငယ်တွေပညာသင်ကြားနိုင်ရေးအတွက်စားရေးကိရိယာလိုအပ်နေ

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသအတွင်းရှိ ပလော့တပို့ စစ်ရှောင်စခန်းက ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် စာရေးကိရိယာ​တွေလို​အပ်မှုတွေရှိနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူ တွေထံမှ သိရပါတယ်။

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပလော့တပို့စစ်ရှောင်စခန်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း အတွင်း စာသင်ကြားမဲ့ကလေးငယ် ၁၅၆ ဦးရှိပြီး သင်ကြားပေးမဲ့ ဆရာ၊ ဆရာမ ၁၆ ဦးရှိကာ အခုပညာသင်နှစ်အတွက် စစ်ရှောင်စခန်းက စာသင်ကျောင်းကိုလည်း ဇွန်လ ၂၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ လျာထားတယ်လို့ စစ်ရှောင်စခန်းအတွင်းကူညီပေးနေသူတစ်ဦးကပြောပါတယ်။

စစ်ရှောင်စခန်းအတွင်းရှိကိုယ်ထူကိုယ်ထစာသင်ကျောင်းက ကလေးငယ်တွေ ပညာသင်ကြားရေး အတွက် ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ထီး၊ မိုးကာတွေနဲ့ ကျောင်းသုံးပစ္စည်းတချို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်မှာက ကိုယ်ထူကိုယ်ထပဲ လေးကေ့ကော်ကဆရာဆရာမတွေပဲ သင်တဲ့ဆရာ၊ ဆရာမတွေ ကတော့  ဆယ်တန်းအောင်တဲ့ကလေးတွေ အားလုံးကလေးကေ့ကော်ကကြီးပဲ သူငယ်တန်းလေး အတွက် မျဥ်းလေးကျောင်း၊ မူကြိုနဲ့ သူငယ်တန်းလေးအတွက် ကျောင်းဝတ်စုံ တီရှပ်အပြာ  မူကြိုကလေးအတွက် TV တစ်လုံး  ကွန်ပြူတာအတွက် ဒီဇယ် လိုပါတယ်။ ကျန်တာတော့ အဆင်ပြေပါတယ် စာရေးစာပွဲကတော့ ကိုယ့်ပါသာကိုယ်လုပ်တာ၊  ဒီမှာကျောင်းက မဖွင့်ရသေးဘူး ၂၆ ရက်နေ့မှဖွင့်ဖို့လျာထားတယ်” လို့ သူကပြောပါတယ်။

ပလော့တပို့စစ်ရှောင်စခန်းရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းအတွင်း စာသင်ကြားမဲ့ ကလေးငယ်တွေမှာ အသက် ၄ နှစ်ခွဲကနေ ၁၅ နှစ်အထိရှိပြီး ကလေးငယ်တွေကို မြန်မာ၊ အင်္ဂလိပ်၊ ထိုင်းစာနဲ့ တရုတ်စာတွေကိုသာ အဓိကသင်ကြားပေးသွားမှာ ဖြစ်တယ် လို့သူကဆက်ပြောပါတယ်။

“အတန်းနဲ့အဲ့လိုမျိုးမဟုတ်ဘူး၊ အသက်အရွယ်နဲ့ပဲလိုက်ပြီးတော့ C1၊ C2၊ C3၊ C4၊ C5၊ C6 ထိရှိမှာပေါ့နော်၊ အဲ့ဒီမှာ မြန်မာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေ ကျန်းမာရေးလည်း တစ်ဘာသာ ထည့်ထားတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင်လေး ကေ့ကော်မြို့သစ်အတွင်းမှာ ပြန်လည်နေထိုင်ကြတဲ့ ဒေသခံကလေးတွေက လေးကေ့ကော်အထက်တန်းကျောင်းမှာ ကရင်ပညာရေးဌာန KECD နဲ့ စစ်ကောင်စီပညာရေးဌာန ပူပေါင်းဖွင့်လှစ်ထားတဲ့ အစိုးရကျောင်းပြန်ဖွင့်နေပြီး ကျောင်းသား ၈၀ ဝန်းကျင်လောက် ကျောင်းတက်ရောက် ပညာသင်ကြားနေတယ်လို့ ဒေသခံကျောင်းသားမိဘတွေပြောဆိုချက်အရ သိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)