
ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၆၀၀ ကျော် နေထိုင်စားသောက်ရေးတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့အနီး လက်ခတ်တောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ မေတ္တာလင်းမြိုင်၊ ပွင့်လင်းအေးမြိုင်နဲ့ ကျောက်လုံးကြီးဘုန်းကြီးကျောင်းအနီးတစ်ဝိုက်က ဒေသခံ ၆၀၀ကျော်ဟာ မြဝတီမြို့ တောရဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
အခုလို စစ်ဘေးရှောင်အရေအတွက်များတာကြောင့် နေရာထိုင်ခင်းနဲ့ အစားအသောက် မလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အခုက လူထပ်တိုးလာတာ၊ အရင်က တောရကျောင်းမှာ ၄၀၀ ကျော်၊ အခု ၆၀၀ ကျော်၊ ၃ ထပ် ဆောင် အားလုံးပြည့်နေတယ်၊ စားဖို့ကတော့ လာလှူတဲ့လူတွေရှိတယ်၊ မလောက်တော့ ဘုန်းကြီးက ပြန်ကြည့်ရတယ်” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကို တစ်နိုင်တစ်ပိုင် လှူဒါန်းသူတွေနဲ့ စစ်ကောင်စီတပ်လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့ကသာ ကူညီခွင့်ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန် မြဝတီမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“လက်နက်ကြီးကတော့နေ့တိုင်းပစ်တာဘဲ၊ အရင်က ၂၇၅ တို့ ဘက်ကလောက်ဘဲပစ်တာ၊ အခုဆိုရင် တုံးတံတားဘက်ကနေလည်းပစ်တယ်၊ မနေ့မနက်ကတောင် ကြားရတယ်၊ အခုလက်ခတ်တောင်က ဘုန်းကြီးတို့ မေတ္တာလင်းမြိုင်ကဘုန်းကြီးတွေလည်း ရှောင်နေရပြီး၊ အဲ့ဒီဘုန်းကြီးတွေကို ရပ်ကွက်က ရာအိမ်မှူးတွေက ကားနဲ့ခေါ်သွားတယ်၊ ဘယ်ကိုလဲတော့မသိဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် လက်ခတ်တောင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ အလားအလာတွေရှိနေပြီး စစ်ကောင်စီတပ်ဘက်က လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင်ရင် စစ်ရေးအရှိန်မြင့် လုပ်ဆောင်နေပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်မြို့နဲ့ သံတောင်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင် နေတာလဲ ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံံ – Social Media
Phar Si Than (People’s Radio Myanmar)