
မေ ၂၉ ရက် ၂၀၂၃။
ယမန်နေ့ (မေ ၂၈ ရက်) ည ၈ နာရီခန့်က လွိုင်ကော် အရှေ့ခြမ်း လွိုင်လင်လေးမြို့ ကုန်းမှီကိုရွာအတွင်း လက်နက်ကြီးများ ကျရောက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
“ရွာထဲကို လက်နက်ကြီးကတော့ ၄ လုံးလောက်ကျတာပါ၊ ထိခိုက်သွားတဲ့ ကလေးတွေနေတဲ့အိမ်ခြံဝင်းထဲကို တလုံးကျတယ်၊ ကျန်တာတွေတော့ ဘယ်နားကျလဲ မသိဘူးဗျ” လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ် မောင်ထွန်းလင်းဟာ ဦးခေါင်းနဲ့ ရင်ဘတ်ကို ယမ်းစ ထိမှန်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ဟာ ညာလက်ကောက်ဝတ်မှာ ယမ်းစထိမှန် ဒဏ်ရာရခဲ့ပါတယ်။
မေ ၂၇ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမြို့ စည်ကား (၃) ရပ်ကွက်အတွင်းက အသက် ၃ နှစ် ၅ လအရွယ် မိန်းကလေးတဦး သေဆုံးခဲ့ရပါတယ်။ လက်နက်ကြီးဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုအမျိုးမျိုးအနက် အရပ်သားများ အများဆုံးသေဆုံးရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ Karenni’s Voice ရဲ့ လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်များအရ ၂၀၂၂ ခုနစ်အတွင်း လက်နက်ကြီးထိမှန်တာကြောင့် အရပ်သား ၃၈ ဦး သေဆုံးခဲ့သလို ၂၀၂၃ ခုနစ် မေလလယ်အထိ လက်နက်ကြီးကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပါတယ်။

Karenni’s Voice (People’s Radio Myanmar)
Photo – ရွှေလွိုင်ကော်ပရဟိတအသင်း