
မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ လျှပ်စစ်မီးမရရှိတာ ကာလကြာမြင့်လာတာကြောင့် မီးသွေးဈေးနှုန်းတွေမှာလည်း ၂ ဆကျော် မြင့်တက်လာတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေထံမှ သိရပါတယ်။
ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ နောက်ဆုံးအပတ် လောက်ကနေစပြီး ဒီကနေ့အထိ ၆ လ အကြာ လျှပ်စစ်မီးမရရှိတာကြောင့် မီးသွေးဈေးနှုန်းတွေမှာ ၂ ဆ ကျော်မြင့်တက်လာကာ အရင်က မီးသွေးအိတ်ကြီးတစ်အိတ်ကို ၂၀၀၀ ဝန်းကျင်သာရှိပေမဲ့ အခုလက်ရှိအချိန်မှာတော့ မီးသွေးတစ်အိတ်ကို ၆၀၀၀ ကျပ်နဲ့ပေးဝယ်နေရတယ်လို့ ကော့ကရိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခုမီးသွေးနဲ့ချက်ရတာပေါ့ အရမ်းအခက်တွေ့တယ် မီးသွေးကလဲစျေးတတ်တော့ ထင်းကျတော့ မြို့ပေါ်ဆိုတော့ ထင်းရှာရတာခက်တယ်လေ စျေးလေးတတ်သွားတော့ အဲ့ဒါပဲအဆင်မပြေတာပါ အရင်က ၂အိတ်ရတာ အခုတော့၁အိတ်ပဲရလို့လေ” လို့ သူကပြောပါတယ်။
မီးပြတ်ပြီးနောက်ပိုင်း ကော့ကရိတ်မြို့တွင်း ရေခဲဈေးနှုန်းတွေလည်းမြင့်တက်သွားကာ ရေသန့်ရေခဲ တစ်ပေါင်ထုပ် ၁ ထုပ်ကို ၄၀၀၀ ကနေ အခု ၇၀၀၀ ဝန်းကျင်ထိပေးဝယ်နေရပြီး လျှပ်စစ်မီးမရရှိတဲ့အပြင် ရာသီဥတုပါပူးပြင်းတာကြောင့် ရေခဲထိန်းသိမ်းတဲ့အခါမှလည်းခက်ခဲလာတယ်လို့ ဖျော်ရည်ဆိုင် ပိုင်ရှင်တစ်ဦးကပြောပါတယ်။
“အိမ်မှာအအေးဆိုင်လဲဖွင့်ထားတယ် ဖျော်ရည်တွေပေါ့ နောက်ပြီးအခုလိုမီးမလာတော့ အခက်ခဲတွေ အများကြီးပဲပေါ့ ဒီလိုပူတဲ့အချိန်ဆိုပိုဆိုးပေါ့ ရေခဲက အရင်က ၄၀၀၀ အများဆုံးပဲ သကြင်္န်တုန်းကဆို ၈၅၀၀ အခုစျေးနည်းကျသွားပြီ၊ အရင်က မီးလာတုန်းကပေါ့ ရိုးရိုးရေခဲတုံးဝယ်ရင် ၃၀၀ ကျပ် ဝယ်လို့ရသေးတယ် အခု ၁၀၀၀ မှ ဝယ်လို့ရတယ်” သူကပြောပါတယ်။
မီးကာလရှည်ကြာပြတ်တောက်နေတာကြောင့် ထမင်းဟင်းချက်ပြုတ်တဲ့အခါမှာ ခက်ခဲလာတဲ့အပြင် ဖုန်းအားသွင်းတဲ့အခါမှာလည်း ဖုန်းတစ်လုံးကို ငွေကျပ် ၅၀၀ နဲ့ ကုန်စုံဆိုင်တွေမှာသွင်းနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေတင်တဲ့အခါမှာလည်း မီးစက်ကိုအသုံးပြုပြီးရေတင်နေရကာ လောင်စာဆီဈေး တွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ညည်းငြူမှုတွေလည်းရှိနေပါတယ်။
ပြီခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစပြီး ယနေ့အချိန်အထိ ကရင်ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးတင်းမာတိုက်ခိုက်နေဆဲဖြစ်ကာ မော်လမြိုင်မြို့ကနေ မြဝတီမြို့ကို လျှပ်စစ်ပို့လွှတ်ထားတဲ့ လျှပ်စစ်ဓာတ်အားမီးလိုင်းတွေ လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွေ ဓာတ်တိုင်ကြီးတွေမှာ ထိခိုက်ပျက်စီးခဲ့တာကြောင့် အခုလိုလျှပ်စစ်မီး ကာလရှည်ကြာပြတ်တောက်နေတာလည်းဖြစ်ပါတယ်။

သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)