ကော့ကရိတ်မြို့အဝင် ဇိနသုခကျောင်းနဲ့ ခလရ (၉၇) တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး တပ်ခွဲမှုးအပါအဝင် (၃) ဦးသေဆုံး

နိုဝင်ဘာလ ၉ရက် ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင် ဇိနသုခကျောင်းရှေ့နဲ့ ခလရ (၉၇) တပ်ရင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၇) ရက်နေ့ ညနေစောင်းအချိန်မှာ တပ်မ (၄၄) လက်အောက်ခံတွေ တပ်စွဲထားတဲ့ ဇိနသုခကျောင်းရှေ့နဲ့ ခလရ (၉၇) တပ်ရင်းကို Kloud တပ်ဖွဲ့၊ Power Of Abibal(POA)၊ Angry Bird Drone Ranger အဖွဲ့နဲ့ Justice Soldier PDF Drone တပ်ခွဲဝင်တွေက ဒရုန်းနဲ့ (၆) ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က တပ်ခွဲမှူးတစ်ဦး၊ bodyguard တစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ညနေအဲ့ဒီနေရာမှာ သူတို့ရှိတယ်သိရလို့ mission လုပ်တာ၊ စစ်တပ်က ဇိနသုခကျောင်းရှေ့မှာ တပ်စွဲထားတာ၊ ၉၇ ထဲမှာ အရာရှိနဲ့ ဘော်ဒီဂတ်သေတာ၊ဇိနသု​ခရှေ့မှာကတစ်ယောက် သေတယ်၊ လေယာဥ်တစ်စီးဘဲသုံးတာတစ်ခေါက်ပြီးတစ်ခေါက် ၊၆ကြိမ်ကျော်တယ်၊” လို့ သူကပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

သူက ” အဲ့လိုရမ်းသမ်းပြီးတော့ လက်နက်ကြီးနဲ့ရမ်းထုတာ၊ ကိုယ်တွေဘက်က ဘာမှမဖြစ်ဘူး၊ ညဘက်မှာလည်း ထုတယ်၊ ထိခိုက်တာတွေ မရှိဘူး၊” လို့ ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်း တပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ ညဘက်တွေမှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။

” အခုက ပြောင်းတဲ့လူတွေလည်းရှိတယ်၊ မြို့တော်ဦးတို့ ခရင်းကုန်းဘက်ကတို့ ပြောင်းပြေးနေကြတယ်၊ ညဘက်တွေဆိုလဲ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာ၊ ၈နာရီကျော်လောက်ဆိုရင်၊ တစ်ရက်မှ မနားဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်ထဲက ဘားအံနဲ့လှိုင်းဘွဲမြို့နယ်တွေမှအပ ကျန်မြို့နယ် (၆) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေ ရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Power Of Ababil

Phar Si Than (People’s Radio Myanmar)