
၈ လေးလုံးနှင့် ၂၃
နွေဦး ( အတွေးအမြင်ဆောင်းပါး )
၁၉၈၈ ခုနှစ်မှာ နေဝင်းရဲ့စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဩဂုတ်လ ၈ ရက်နေ့မှာပဲ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံမှာ ဆန္ဒပြပွဲ ၊ ကန့်ကွက်ပွဲတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့ပါတယ်။ ၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့မှာ အရေးအခင်းစတင်ဖြစ်ပွားခဲ့လို့ ၈ လေးလုံး အရေးအခင်းလို့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တွင်ကျယ်ခဲ့ပါတယ်။ ဒီနေ့ဆိုရင် ၈ လေးလုံး အရေးတော်ပုံ ဖြစ်ပွါးခဲ့တာ ၃၅ နှစ် တိတိရှိလာပြီ ဖြစ်ပါတယ်။
ဒီလိုဆို ဒီဘက်ခေတ်မှာရော ။ ဒီဘက်ခေတ်ကို ကြည့်လိုက်မယ်ဆိုရင်လဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ မင်းအောင်လှိုင်က ပြည်သူ့အာဏာကို လုယူခဲ့တယ် မဟုတ်ပါလား။ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို ၈၈ တုန်းကလိုပဲ ပြည်သူတွေက တခဲနက် ကန့်ကွက်ဆန္ဒပြခဲ့ပြီး နွေးဦးတော်လှန်ရေး ပေါ်ပေါက်လာခဲ့တယ်။ နေဝင်းတုန်းကလဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်သူတွေကတဖက် ၊ နေဝင်း ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တဖွဲ့ အဓိကရုန်းတွေ ဖြစ်ပွါးခဲ့သလို လက်ရှိ ၂၀၂၃ ခုနှစ်မှာလဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်သူတွေကတဖက် မင်းအောင်လှိုင် ၊ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးပါတီ ၊ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ကတဖွဲ့ အဓိကရုန်းတွေ ဖြစ်ပွားခဲ့ကြပါတယ်။ ဒါပေမယ့် တခုမတူတာက ၁၉၈၈ ခုနှစ်တုန်းက ပြည်သူတွေဟာ မီဒီယာရဲ့ အကူအညီ မရရှိခဲ့ကြပါဘူး။ဒါ့ကြောင့် နေဝင်းရဲ့ ယုတ်မာမှုတွေအတိုင်း သွေးခွဲသလို ကွဲခဲ့ကြပြီး တော်လှန်ရေးက မအောင်မြင်ဘဲ ဖမ်းဆီးခံရတဲ့သူ အတိအကျ မသိရ ၊ ဒဏ်ရာရသူ အတိအကျ မသိရ ၊ သေဆုံးသူဆိုတာကလဲ ၁ သောင်းလို့သာ ခန့်မှန်းခြေနဲ့ပဲ တွက်ဆနိုင်ခဲ့ပါတယ် ။
အခု ၂၀၂၃ ခုနှစ်မှာကတော့ မီဒီယာရဲ့ အခန်းကဏ္ဍကို ပြည်သူတွေက နားလည်လာသလို မီဒီယာက မင်းအောင်လှိုင်ရဲ့ အကြောက်ရဆုံး လက်နက်တခု ဖြစ်လို့လာပါတယ်။ မီဒီယာအပြင် ပြည်သူတွေကလဲ “ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုတဲ့ စစ်တပ်ရဲ့ ဆောင်ပုဒ်လိုပဲ ဘာသာရေး၊ လူမျိုးရေး ဘာနဲ့ပဲခွဲခွဲ မကွဲဘဲ လက်တွဲတူညီ ချီတက်လို့နေပါတယ်။ စစ်တပ်ကသာ သူ့ရဲ့ ဆောင်ပုဒ်အတိုင်း မစည်းလုံးနိုင်ဘဲ တပ်တွင်းပျိုကွဲမှု တွေက တနေ့တနေ့ ပိုပိုများလာတာကြောင့် မင်အောင်လှိုင်ခမျာ မွေးပွေးခါးပိုက်ပိုက်ကိန်း ဆိုက်မှန်းမသိ ဆိုက်လို့ နေပါပြီ။ ဒီကြားထဲ Generation Z လို့ခေါ်ကြတဲ့ ဂျန်ဇီး တွေကလဲ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ ခိုလှုံရင်း စစ်အတတ်ပညာတွေ ၊ စစ်လက်နက်ထုတ်လှုပ်မှုတွေ ၊ စစ်ရေးမဟာဗျူဟာတွေကို တဖက်ကမ်းခတ်အောင် တတ်ကျွမ်းနေကြပြီ မဟုတ်ပါလား။
ဒီ့အပြင် ထူးခြားတာက စစ်ကိုင်းပြည်သူတွေနဲ့တကွ တနိုင်ငံလုံးကပြည်သူတွေကလဲ ဘုရင့်နောင်ရဲ့ နောင်ရိုး တိုက်ပွဲလို ဖောင်ဖျက်ထားကြပြီး အရှုံးနဲ့အနိုင်ပဲရှိတဲ့ ဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်မတော်သားတွေအတွက် ရှိသမျှ လှူနေ ကြတာကို တွေ့ရပါတယ်။နောက်ပြီး ၈၈ တုန်းကထက် ၂၃ မှာ ပြည်သူတွေနဲ့အတူ ပြည်သူ့ဘက်တော်သား ပြည်သူ့ဝန်ထမ်းတွေကလဲ CDM မှာ အင်ပြည့် အားပြည့် ပါဝင်လာတာကလဲ မင်းအောင်လှိုင်ရဲ့ အရှိုက်ထိစေမယ့် ထိုးနှက်ချက် တခုပါပဲ။
၂၀၂၃ ခုနှစ်တော်လှန်ရေးကြီးရဲ့ နောက်ထပ်ထူးခြားချက်က ၁၉၈၈ တုန်းက အတွေ့အကြုံရှိပြီး စစ်တပ်ကို ရွံ့ရှာ စက်ဆုပ်ပြီး အော့နှလုံးနာခဲ့တဲ့ တော်လှန်ရေးရဲဘော် ကျောင်းသားဟောင်းတွေနဲ့ အတွေးအခေါ် တီထွင်ကြံဆမှု ဆန်းသစ်ပြီး စစ်အုပ်ချုပ်ရေးကလွတ်မြောက်ဖို့ ဘာပဲလုပ်ရလုပ်ရမကြောက်ဘူးဆိုတဲ့ ၂၁ ရာစု ကျောင်းသားလူငယ် တွေနဲ့ ပေါင်းစည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီး ဖြစ်နေတာပါပဲ။ဒီလိုလက်တွဲပြီး လျှောက်လှမ်း ရမယ့် ခရီးရှည်ကြီးမှာ ပြည်သူတွေက အချိန်ကြာလာတာနဲ့အမျှ စိတ်ဓါတ်ကျမသွားဘဲ မဝေးတော့တဲ့နိုင်ပွဲကို ခွန်အားအပြည့်နဲ့ ဆက်လက်ချီတက်နေပေမယ့် မင်းအောင်လှိုင်ရဲ့စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် သူတို့ရဲ့ အသိုင်း အဝိုင်းထဲမှာတော့ ကြောက်လို့သာ ထုတ်မပြောတာ ၊ ခွာပြဲနေကြတာ ၊ အရှေ့မှာတော့ အဘကျေးဇူးမြင့်မိုရ်ဦး နေရပေမယ့် နောက်ကွယ်ကနေ ကျိန်ဆဲနေကြတာ မကြားချင်မှ အဆုံးပါပဲ။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ၈၈ တုန်းက တော်လှန်ရေးပြည်သူတွေကို နိုင်ငံတကာက ကူညီခွင့် မရရှိ ခဲ့ပေမယ့် အခု ၂၀၂၃ မှာတော့ မင်းအောင်လှိုင်ကိုးကွယ်နေရတဲ့ ပေါက်ဖော်ကြီးနဲ့ ရုရှားကလွဲလို့ ကျန်တဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံကြီးတွေက မင်းအောင်လှိုင်နဲ့ အသိုင်းအဝိုင်းကို လူရာမသွင်းတာပါပဲ။ မင်းအောင်လှိုင်ခဗျာ သေမထူး နေမထူးဘဝနဲ့ ကိုယ်ခင်းတဲ့ဇာတ်ကို တောင်ရှည်နဲ့မကနိုင်တော့လို့ ခါးတောင်းကျိူက်ပြီး ကနေရတာ မျက်မြင်ကိုယ်တွေ့ မြင်နေကြရပါတယ်။
ဘမျိုးဘိုးတူတဲ့ စစ်တပ်ဟာ နေဝင်းလက်ထက်တုန်းက ငွေစက္ကူတွေကို တရားမဝင်ကြေငြာခဲ့ပြီး ပြည်သူတွေဘဝ ဆင်းရဲ့ခြင်းလောက ကနေ နာလန်မထူနိုင်ဘဲ လူ့ငရဲကျအောင် ကြံစည်ခဲ့သလို အခု မင်းအောင်လှိုင်နဲ့ ဖက်ဆစ် စစ်တပ်ကလဲ “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုသလို သူ့ရဲ့ လက်ဦးဆရာ နေဝင်းတို့ထုံး နှလုံးမူပြီး အာဏာသိမ်းလိုက်တာ မှန်းချက်နဲ့
နှမ်းထွက်မကိုက်တဲ့ အပြင် နှစ်သောင်း တန်တွေကိုပါ ဘီလီယံနဲ့ချီပြီး ဗုံးဘောလအောထုတ်နေရပါပြီ။ နှစ်သောင်း တန်ထုတ်လိုက်ခြင်းကြောင့် ငွေသား တန်ဘိုးက ထိုးကျသွားပြီး ဒေါ်လာဈေးနဲ့ရွှေဈေးက ဈေးသတ်မှတ်လို့မရတော့ဘဲ ဈေးကွက်ပါ ပျောက်ခဲ့ ရပါတယ်။
မဆလခေတ် နေဝင်းအာဏာသိမ်းတုန်းကလဲ တိုင်းပြည်က အဝီစိရောက်အောင် ဆင်းရဲတွင်းနက်ခဲ့သလို မင်းအောင်လှိုင်ရဲ့ နစက လက်ထက်မှာလဲ ဆန်ဈေး ၊ ဆီဈေးက လိုက်မမီနိုင်အောင်မြင့်တက်နေပြီး ပြည်သူတွေက တော့ ဆင်းရဲသထက် ဆင်းရဲလာလို့ နေပါတယ်။ ဒါ့ကြောင့် ၂၁ ကစခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ နောက်ဆုံးတိုက်ပွဲ ၊ နောက်ဆုံးတော်လှန်ရေး ၊ နောက်ဆုံးပေးဆပ်ခြင်းဖြစ်မှ ရပါလိမ္မယ်။ ၈၈ ရဲ့သွေးကြွေးကို ၂၃ မှာကြေအောင်ဆပ် ပြီး နောင်တချိန် မြန်မာ့မြေပေါ်မှာ အောင်မြင်မှုအလံကို လွှင့်ထူနိုင်ဖို့ “ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ” လို့ကြွေး ကြော်လိုက်ပါရစေ။
နွေဦး
#manauvoice
#ဆောင်းပါး
#၈လေးလုံးနှင့်၂၃
#၈၈