[videopress HUdqntSq]
ဖေဖော်ဝါရီလ ၂၃ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ကား ၇စီး ပျက်စီးပြီး စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီလ ၁၇ရက်နေ့ကတည်းက ထားဝယ်ဘက်ကနေ အရှေ့တောနယ်ဒေသကို အင်အား ၃၀၀ပါ စစ်ကား ၁၇စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ အဲ့ဒီယာဉ်တန်းက ကျောက်မဲတောင်စခန်းကို လက်နက်အင်အား၊ လူအင်အားနဲ့ ရိက္ခာဖြည့်ဖို့လာတာ။ ကျနော်တို့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်တာပါ” လို့ သူကအခုလိုပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာတော့ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကား ၇စီးနဲ့ လက်နက် ၃၄လက် သိမ်းဆည်းရရှိပြီး တပ်သား ၁၈ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရဲဘော်တစ်ဦးက ပြောပြပါတယ်။
“ အဲ့ဒီအရှေ့မှာလည်း တိုက်ပွဲဖြစ်တာကရှိသေးတယ်။ သင်္ကန်းတုံးရွာမှာ ဖြစ်သေးတယ်။ အဲ့မှာလည်း သေတာတွေရှိတယ်။ တိုက်ပွဲက အခုထိမငြိမ်သေးဘူး” လို့ သူကပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့မနက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ညနေပိုင်းအထိ အပြင်းအထန် ထပ်မံ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ၃၀ဦးလောက် ထိခိုက်သေဆုံးမှုတွေရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၅ဦးထက်မနည်း ကျဆုံးမှုရှိတယ်လို့ ကနဦးသိရပေမယ့် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က Mi2-ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ကူပေးခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ မနက်ပိုင်းမှာတော့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ကားတွေက ကျောက်မဲတောင် နယ်မြေစခန်းကို ရောက်ရှိနေပြီဖြစ်တယ်လို့ မြေပြင်ရဲဘော်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
သတင်း-နော်အယ်နီး
ပုံ- စစ်ကောင်စီတပ်ကား သိမ်ဆည်းရရှိမှုရုပ်သံ
Phar Si Than (People’s Radio Myanmar)