အစ္စရေး – ပါလက်စတိုင်းပဋိပက္ခ နောက်ဆုံးရ သတင်းအခြေအနေ

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်

ဂါဇာကမ်းမြောင်ဒေသဘက်မှ ပါလက်စတိုင်း လက်နက်ကိုင် ဟားမတ်စ်အဖွဲ့က အစ္စရေးတောင်ဘက်ပိုင်းကို ရုတ်တရက်ကျူးကျော်တိုက်ခိုက်မှုသည် Novaဂီတပွဲတော်မှ အစပြုပြီး လူပေါင်း ၂၆၀ ကျော် စတင်သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို အစ္စရေးက တန်ပြန်နှိမ်နင်းတာတွေလုပ်နေပြီး ဒီအတောအတွင်း စက်တင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ စစ်ပွဲကြောင့် သေဆုံးတဲ့အရေအတွက် ၁၆၀၀ ကျော်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၃၀၀၀ နီးပါးရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အစ္စရေးကို ထိုးဖောက်သိမ်းပိုက်ဖို့ ကြိုးစားတဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေကို ကမ္ဘာမှာ နည်းပညာအမြင့်ဆုံးရှိထားတဲ့ အစ္စရေးစစ်တပ်က ဟန့်တားဖို့ ကြိုးစားနေရဆဲဖြစ်ပြီး တန်ပြန်တိုက်ခိုက်တာတွေလည်း ဆက်လုပ်နေဆဲဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုအတွင်းမှာ ပြန်ပေးဆွဲခံရသူတွေ ၁၀၀ ထက်မနည်းရှိနေပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသားတွေလည်း ပါဝင်နေပါတယ်။

စနေနေ့က စတင်တဲ့ အစ္စရေး – ပါလက်စတိုင်းပဋိပက္ခမှာ ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံးပြီး ၁၁ ဦး ပြန်ပေးဆွဲခံထားရကာ ကယ်ဆယ်ရေးလုပ်ငန်း‌တွေစတင်ဖို့ ထိုင်းတော်ဝင်လေတပ်ကို အသင့်အနေအထားပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား နှစ်သောင်းခွဲနီးပါးရှိပြီး မြန်မာနိုင်ငံသားအများအပြားလည်းရှိနေပါတယ်။ အဲ့ဒီထဲက ထောင်ချီဟာ အခုတင်းမာမှုဖြစ်တဲ့ ဂါဇာကမ်းမြောင်အနီး အစ္စရေးပိုင်နက်ထဲမှာ အလုပ်လုပ်နေကြသူတွေလို့ သိရပါတယ်။ စကစအစိုးရ အနေနဲ့လည်း အစ္စရေးရောက်မြန်မာနိုင်ငံသားတွေကို လုံခြုံရေးအခြေအနေအရ အိမ်ထဲမှာနေဖို့နဲ့ အကူညီလိုအပ်လာပါက သံရုံး‌တွေကို ဖုန်းဆက်အကူညီတောင်းဖို့ ကြော်ငြာချက်ထုတ်ပြန်ထားတာကို သိရပါတယ်။

တရုတ်နဲ့ ကိုးရီးယားလေကြောင်းလိုင်း‌တွေကလည်း အစ္စရေးသွားမဲ့ခရီးစဉ်တစ်ခုလုံးကိုဆိုင်းငံ့ထားပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း UN အနေနဲ့လည်း လက်ရှိအရေးနဲ့ပတ်သတ်ပြီး တံခါးပိတ်အစည်းအဝေးတွေ ပြုလုပ်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အမေရိကန်ကလည်း ဟားမတ်စ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချအရေးယူဖို့ ကောင်စီရဲ့ အဖွဲ့ဝင် ၁၅ ဦးကို တောင်းဆိုထားသော်လည်း ရုရှား ဦးဆောင်တဲ့ အဖွဲ့ဝင်တွေကို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ရှုတ်ချတာထက် ပိုမိုကျယ်ပြန့်တဲ့ အာရုံစိုက်မှုကို မျှော်လင့်နေတယ်လို့ သံတမန်‌တွေက ပြောကြားခဲ့တယ်လို့သိရပါတယ်။

အစ္စရေးနိုင်ငံအတွင်း ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ အီရန်ကလည်း ငြင်းဆိုထားပါသေးတယ်။ အစ္စရေးတောင်ပိုင်းရှိ အဓိကနေရာသုံးခုမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်ဖွဲ့‌တွေကြား သေနတ်ပစ်ခတ်မှုတွေ ယခုအချိန်ထိ ဆက်လက်ဖြစ်ပွါးလျက်ရှိနေပါသေးတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ အစ္စရေးနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ပါလက်စတိုင်း လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ကြေညာခဲ့သော်လည်း ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း ဓားစာခံတွေရဲ့ ကံကြမ္မာကို ညှိနှိုင်းဖို့အတွက် ရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။ ဓားစာခံတွေမှာ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူ ဒါဇင်ပေါင်းများစွာ ပါဝင်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ဟားမတ်စ်အဖွဲ့ကို  ISIS အဖွဲ့နဲ့ နှိုင်းယှဉ်ပြီး အပြတ်နှိမ်နင်းမယ်လို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးထောက်ခံသူတွေနဲ့ ပါလက်စတိုင်းထောက်ခံသူတွေ လွန်ခဲ့တဲ့တနင်္ဂနွေနေ့က အစ္စရေးအစိုးရမှ တရားဝင်စစ်ကြော်ငြာပြီးနောက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြို့လယ် Times Square ရင်ပြင်နဲ့ကမ္ဘာအဝှမ်းမှာ အပြိုင်အဆိုင်ဆန္ဒပြလျက်ရှိနေကြပါတယ်။

Ref: Aljazeera News

Photo : Al Jazeera