သံတောင်မြို့မှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်က စစ်အင်ပါးတိုးချဲ့ထား

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ သံတောင်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတောင်မြို့မှာ ဇူလိုင်လအစပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွါးနေတာပါ။

အခုလို တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် စစ်ကောင်စီတပ်ဘက်က လိပ်သိုလ်စစ်စခန်း၊ ယာဒိုစစ်စခန်းနဲ့ ဗဟုန်းစစ်စခန်းတွေမှာ စစ်အင်အားတိုးချဲ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲတွေက နေ့တိုင်းနီးပါးဖြစ်နေတာဘဲ၊ တိုက်ပွဲမဖြစ်လည်း လိပ်သိုလ်ဘက်ကနေ လက်နက်ကြီးသံ တစ်ချိန်လုံးကြားနေရတယ်၊ အခုဆိုရင်စစ်သား ၂၀၀ လောက်ထပ်ရောက်နေတယ်၊ လိပ်သိုလ်ဘက်မှာ၊ တစ်ခြားနေရာတွေမှာလည်း အင်အားဖြည့်ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လိပ်သိုလ်စခန်းမှာ ဂိတ်ချထားပြီး ဖြတ်သန်းသွားလာနေတဲ့ယာဉ်တွေကို အစစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဖြတ်သွားတဲ့လူအကုန်စစ်တယ်၊ တော်ရုံတန်ရုံ ကိစ္စတွေဆိုရင်မသွားကြတော့ဘူး၊ ဆန်အိတ်သယ်တာ ကအစ အကုန်စစ်တယ်၊ ဆန်အိတ်ကိုလည်း ၅ အိတ်ထပ်ပိုပေးမသယ်ဘူး၊ စျေးဝယ်ပြီးပြန်လာရင်လည်း စစ်သေးတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတာမှာ စစ်ကောင်စီတပ်က အခုလို ရိက္ခာသယ်ယူခွင့်ကန့်သတ်ထား တာကြောင့် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးမှာ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေကာ သံတောင်မြို့ပေါ်က ဒေသခံပြည်သူ ၃၀၀၀ ကျော် လောက်ဟာ တောင်ငူမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်နေရတာ ၄ လ ကျော်ကြာမြင့်နေပြီး ဖြစ်ပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက သံတောင်မြို့အပါအဝင် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ဖာပွန်မြို့နဲ့ ကြာအင်းဆိတ်ကြီးမြို့တွေမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေ ပိုပြင်းထန်လာပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွါးနေပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ-  CJ

Phar Si Than (People’s Radio Myanmar)