တနိုင်းမြို့တွင် စစ်ကောင်စီက ဓာတ်ဆီသယ်ဆောင်ခွင့်ကို အပြည့်အဝထိန်းချုပ်ထား

ဇူလိုင် ၊ ၁၇ ၊ ၂၀၂၃

ကချင်ပြည်နယ်၊ တနိုင်းမြို့ကို စစ်ကောင်စီက ဓာတ်ဆီများသယ်ဆောင်ခွင့် အပြည့်အဝထိန်းချုပ် နေကြောင်း စုံစမ်းသိရှိရပါတယ်၊၊ လိုင်စင်ရ ဆိုင်များသာ ဓာတ်ဆီသယ်ဆောင်ခွင့်ရပေမယ့် အကန့်အသတ်နဲ့သာရရှိပြီး သယ်ဆောင်ခွင့်ရတဲ့ဆီတွေကလဲ တပ်တွင်းနဲ့ မှော်ထဲသာ ရောက်ရှိသွားကြောင်း နီးစပ်သူများထံမှ သိရပါတယ်။

“ဓာတ်ဆီမရတာ တစ်လနီးပါးရှိပြီ၊ တနိုင်းမြို့ထဲကို လုံးဝသယ်ခွင့်မပေးဘူး၊ မြို့ထဲမှာ ဆီကို ဝယ်လို့တောင်မရတော့ဘူး၊တစ်လီတာကို ၁၆၀၀၀၊ တစ်နေရာနဲ့ တစ်နေရာတော့မတူဘူး၊ တစ်သောင်းကျော် ပတ်လည်ပဲ ရောင်းနေကြတာ၊ ဆီကို ၃ဂါလံထက်ပိုပြီးလဲ လက်ထဲမှာမထားရဘူးလို့ စစ်တပ်က လိုက်ပြောထားတာတွေရှိတယ်၊သူတို့စစ်တပ်ထဲမှာ တော့ရောင်းပေးတယ်တဲ့ သူတို့လူတွေကိုပေါ့” လို့ ဒေသခံတစ်ဦးထံမှသိရပါတယ်၊၊

လယ်သမားတွေအနေနဲ့ လယ်တောထဲသွားဖို့တောင် အဆင်မပြေတော့ကြောင်း ၊တနိုင်းမြို့နယ်ကို ပေးထားတဲ့ ဘတ်ဂျတ်အတိုင်း ဓာတ်ဆီတွေကို ပြန်ပေးဖို့သက်ဆိုင်ရာတွေကို ပြောချင်ကြောင်း ၊ အခုလို သူတို့လုပ်နေတာဟာ တမြို့လုံးပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို အခွင့်ရေးတွေယူပြီး ချိုးဖောက်နေတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်၊၊

တနိုင်းမြို့မှာ ဓာတ်ဆီအရောင်း အဝယ်လုပ်နေသူတစ်ဦးကလဲ “နဂါးပုံးနဲ့ အရင်လပထမ အပတ်အထိ သယ်လို့ရသေးတယ်၊အခုက တိန်ကောက်ရောက်တာနဲ့ ကားထဲအကုန်စစ်တယ်၊ပါလာရင် ကားထဲအကုန်ထည့် ပိုရင် သူတို့(စစ်ကောင်စီ)ထိုင်တဲ့ဂိတ် မှာ အကုန်ပြန်ထားခဲ့ရတာ’’ လို့ ပြောပါတယ်။

မေလလယ်တုန်းက ဆန်အိတ် ၁၀၀ ကျော်နီးပါးကိုလည်း စစ်ကောင်စီက တရားမဝင်သယ်ဆောင်တယ်ပြောပြီး သိမ်းဆည်းလိုက်ကြောင်းနဲ့ အဲ့ဒီဆန်အိတ်တွေကို တပ်တွင်း မှာ ရိက္ခာ အနေနဲ့ ပြန်ထုတ်ပေးတယ်လို့ တပ်တွင်းနီးစပ်သူထံမှ သိရပါတယ်၊၊

တနိုင်းဒေသခံတစ်ဦးက “ ကျနော်တို့ကို ဖြတ်လေးဖြတ် ပုံစံလုပ်နေတာနဲ့ တူနေပြီ၊ မှော်တွေကိုလည်းအကုန်ပိတ်ပြီး ပြန်ခိုင်းနေတယ်၊ စက်မောင်းသံကြားတာနဲ့ ပစ်သတ်မယ် ဆိုပြီး ခြိမ်းခြောက်တာတွေလဲ ရှိတယ်၊မိုးတွေကလည်းရွာ၊လမ်းပန်းဆက် သွယ်ရေးကမကောင်း ၊ကုန်ဈေးနှုန်းကတက် တကယ်ဒုက္ခရောက်တာ ကျွန်တော်တို့ ပြည်သူတွေပါ ”လို့ ဆိုပါတယ်၊၊

အခုလို ဆန် နဲ့ စက်သုံးဆီဈေးများ အဆမတန်မြင့်တက်နေတဲ့ တနိုင်းမြို့အတွင်း စက်သုံးဆီကားများ တရားဝင် အမြန်ဝင်ခွင့်ပေးဖို့ တနိုင်း မြို့သူ ၊ မြို့သားတွေက တောင်းဆိုလျက် ရှိနေပါတယ်။

သတင်း – ယပလက်

စာမူတည်းဖြတ် – ဒီပါ

သတင်းဓါတ်ပုံ – တနိုင်းရှု့ထောင့် သတင်းဌာန ရုံးခွဲ

#ManauVoice

#တနိုင်းမြို့