
မတ်လ ၂၂ ရက်၊၂၀၂၄ ခုနှစ်
မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမစက်တွင်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မတ်လ ၂၀ ရက် မနက် ၁၁ နာရီခွဲေလာက်မှာ တိုက်ခိုက်ခဲ့ရပြီ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကိုင်းတောမကျေးရွာ စက်တွင်း(ရေပေးဝေတဲ့နေရာ)မှာတပ်စွဲထားတဲ့ တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေဟာ အဲဒီကျေးရွာ အနီးနားမှာရှိတဲ့ ပြည်သူတွေဆီကနေ ရိက္ခာတွေအတင်းအဓ္ဓမ္မယူဖို့အတွက် အင်အား ၁၂ ဦး နဲ့ ထွက်လာချိန် ကိုင်းတောမ ဆေးခန်းရှေ့အရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
“သူတို့က ရိက္ခာပြတ်နေတာဗျ။ အနီးအနား ရွာတွေဘက်ကိုရိက္ခာလာလုတာ။ ကျွန်တော်တို့ မီတာ ၃၀ လောက်အကွာကနေပဲပစ်တော့ကျွန်တော်တို့ရှေ့မှာတင် နှစ်ယောက်သေနေတာမြင်ရတယ် ဒဏ်ရာရတာလည်းများတယ် ” လို့မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတစ်ဦးလဲ မိုင်းထိမှန်တာကြောင့် ဒဏ်ရာပြင်းထန်စွာရသွားပြီး ကိုင်းတောမ ကျေးရွာ စက်တွင်း အထိုင်စခန်းကို ဒဏ်ရာရလူနာတွေကို ခေါ်ဆောင်သွားတယ် လို့ Earthquake People’s Defense Force ခေါင်းဆောင်အရှည်ကြီးက ပြောပါတယ်။
“ ပဒေသာမိုင်း သုံးလုံး ၂ ပွိုင့် ဆင်ထားတာနဲ့မိပြီး တစ်ယောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကို နှစ်ယောက်ထိန်းပြီးပြေးတာ စခန်းထိ။ အကောင်ကြီးတယ်ထင်တယ် ဒီမနက် ဒရုန်းနဲ့ကြည့်တာမီးလောင်တိုက်သွင်းတဲ့ပုံစံတွေ့တယ်ဗျ ” လို့သူကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဆီကနေ MA1 သေနတ်(၁)လက်၊ MA3 သေနတ်(၁)လက်၊ ကျည်ဘောက် (၆)ခု၊ ကျည်ဆံ(၁၂၀)တောင့်၊ ဘေးလွယ်အိတ် (၁)လုံး၊ ဖုန်း(၂)လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။
ထိတွေ့ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ စစ်ကောင်စီအလောင်းတွေကို လာရောက်ကောက်ယူခြင်းမရှိတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေကပဲ မတ်လ ၂၀ ရက်နေ့ က မီးသင်္ဂြိုလ် ပေးခဲ့တယ်လို့လဲ ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၂၁ရက်နေ့ကလည်း ကိုင်းတောမစက်တွင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့လဲ သိရပါတယ်။
တိုက်ခိုက်မှု ကို မြိုင်ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင် တပ်ရင်း၁ ၊ တပ်ခွဲ၄ ( စက်ြာ) ၊ မဟာမိတ်တပ်ပေါင်းစု(MUGDF ၊ James Bond ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂၊ ၆၊ ၇)၊ မြိုင် ပ.က.ဖ IO အဖွဲ့၊ Pakokku People’s Defense Force ၊ Young Force UG နဲ့ Earthquake People’s Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ဒါ့အပြင် မတ်လ ၅ ရက်နေ့ကလည်း ကိုင်းတောမဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေကို ပင်တိုက်ရွာနဲ့ ကျောက်တိုင်ရွာကြားမှာ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။
သတင်း- Naw Drizzle
ပုံ-Cj