
ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့အနီးက ကျေးရွာတွေကို ကျောက်တံခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇွန်လ အစပိုင်းကတည်းက ကျောက်တခါးမြို့အနီးက နံဇဗောဓိကွင်း၊ ရေလည်စု၊ စဉ့်အိုးလှ စတဲ့ ကျေးရွာအပြင် သမင်အင်းကုန်းကျေးရွာတွေဘက်ကို နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်တယ်လို့ ကျောက်တံခါးမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“မနေ့ညကပစ်တာကတော့ ပစ်နေတာ နေ့တိုင်းပဲ တစ်နေရာပြီးတစ်နေရာကပဲ အရှေ့တစ်ကြောလုံး မနေကြတော့ဘူး နံဇ၊ သမင်းအင်းကုန်း အဲ့ဒီဘက်တွေကပြောင်းလာကြတာပဲ ဒီနေ့တော့ မကြားသေးဘူး ခါတိုင်းတော့နေ့တိုင်းပဲ တစ်ခါတစ်လေ တစ်နေကုန်ပဲ မြို့အထွက်ကလည်း လှမ်းပစ်တယ် အိမ်ပါတုန်တယ် မြို့ပေါ်ကျတာတော့မရှိဘူး ရွာဘက်ကျတာလေ သေနတ်သံတွေလဲ တစ်ခါတစ်လေ ကြားရတယ်”လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ကျောက်တံခါးမြို့နယ်က ဒေသခံမှာ လက်နက်ကြီးပစ်ခတ်သံကြားတာနဲ့ မြို့တွင်းအသွားအလာမရှိတော့သလို သွားလာသူ တစ်ချို့မှာလည်း သတိနဲ့သွားလာနေကြတယ်လို့ သူကဆက်ပြောပါတယ်။
“အသံကြားတာနဲ့ ချက်ချင်းကို ကြက်ပျောက်ငှက်ပျောက်ပဲ အကြောင်းမရှိရင် မထွက်ကြဘူး ကြားတိုင်းကြောက်နေရင်လည်း ဘာအလုပ်မှကိုလုပ်ရမှာမဟုတ်တော့ဘူး ကြောက်ကြောက်နဲ့ပဲ သတိနဲ့သွား သတိနဲ့ပြန်နေရတာ ဒီမှာသာပြေးရရင်လည်း ဘယ်ပြေးရမလဲမသိဘူး” လို့ သူကပြောပါတယ်။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်တာ ဘယ်တပ်ကပစ်ခတ်မှန်းမသိပေမဲ့ ကျောက်တံခါးမြို့ အနီးအနားမှာတော့ ပိန်းဇလုပ် အခြေစိုက်ခလရ ၂၆၄၊ ပဲနွယ်ကုန်း ရွှေဝါရောင်တပ်ရင်း ခမရ ၃၀၇၊ ဖြူးအခြေစိုက် ခမရ ၃၀၈ ဖြစ်တဲ့ စစ်ကောင်စီတပ်တွေရှိတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇူလိုင်၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း နံဇကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာအတွင်း ပြန်လည်နေထိုင်သူတစ်ချို့မှာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဘာမှမသိတော့ဘူး အဝေးထပ်ပြေးနေတာ ခွေးတွေထပ်ဝင်လာလို့ အစ်မတို့ရွာကိုလေ” သူကပြောပါတယ်။
နံဇမြို့ဒေသခံအမျိုးသားတစ်ဦးကလည်း” ဟို့တစ်ခေါက်ကရွာမှာတော့ အိမ်၂၀ ကျော်လောက်မီးထဲ ပါသွားတယ်၊ သေတာလား သူများဆွဲသွားလားမသိတော့ဘူး”လို့သူကပြောပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ နံဇရွာရှိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၁ ဦး သေဆုံးခဲ့ကာနံဇရွာအတွင်းက နေအိမ် အလုံး ၂၀ ကျော် မီးလောင် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးအသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ကျေရွာတွေအတွင်း စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ကြောင့် နံဇ၊ ဗောဓိကွင်း၊ ရေလည်စု၊ စဥ့်အိုးလှ၊ တလိုင်းခင်၊ သမင်အင်းကုန်းကျေးရွာက ဒေသခံ ၃၀၀၀ ဝန်းကျင်လောက်ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့၊ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေနေ တင်းမာနေတာဟာ ကျောက်တံခါးမြို့နယ် အတွင်းမှာသာ မဟုတ်ပဲ ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း နှစ်ဖက်စစ်ရေး အခြေနေတင်းမားနေတာဖြစ်ပြီး ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေအတွင်းကိုလဲ ညတိုင်းနီပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်ဘက်မှ နံဇကျေးရွာက ဒေသခံအမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်သွားကာ ပြည်သူပိုင်ပစ္စည်း တစ်ချို့ကိုလည်း ယူဆောင်သွားတယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)