
သြဂုတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အခြေခံစား သောက်ကုန်တွေအပြင် လူသုံးကုန်ပစ္စည်းတွေ ဈေးတင်မရောင်းဖို့ကို စစ်ကောင်စီတပ်လက်အောက်ခံ အဖွဲ့အစည်းတွေက ကားနဲ့လိုက်လံ ကြေငြာတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေထံမှသိရပါတယ်။
သြဂုတ်လ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်လက်အောက်ခံ အဖွဲ့အစည်းတွေက ကုန်ပစ္စည်း ဈေးနှုန်းတွေဈေးတင်မရောင်းဖို့ကို မြဝတီမြို့အတွင်းက ဈေးတွေထဲမှာ လိုက်လံကြေငြာခဲ့တယ် အမှတ် (၅) ကျွန်းတောဈေးမှာ တစ်နိုင်တစ်ပိုင် ကုန်ခြောက်ရောင်းနေသူတစ်ဦးကပြောပါတယ်။
“သူတို့လိုက်အော်တာက လမ်းပျက်ပြီး တစ်ရက်လောက်ပဲခြားတယ် သူတို့အော်တာကဈေးထဲမှာပဲ လိုက်အော်တာလေ ဆိုင်ကြီးတွေမှာလိုက်ပြောတာမှ မဟုတ်တာ ဘာထူးမှာမဟုတ်ဘူးလေ” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ ကုန်ပစ္စည်းတွေကို စျေးတက်ရောင်းနေတာက ဒိုင်ကြီးလက်ကားဆိုင်တွေက တင်ရောင်းနေတာဖြစ်ပြီး အခုလိုစျေးတင်ရောင်းနေတာကြောင့် တစ်နိုင်တစ်ပိုင် စျေးရောင်းသူတွေ ဆီမှာလည်း စျေးတင်ရောင်းနေရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“သူတို့လှောင်ထားတဲ့အိတ်တွေကလမ်းပြိုပြီး နောက်နေ့လည်းကျရော ၁၂၀၀၀၀ တန်ဆန်အိတ်က ၁၇၀၀၀၀ ဖြစ်သွားရော ၅ သောင်းလောက်တက်သွားတယ် ကြက်ဥဆို တစ်ကဒ် ၉၀၀၀ ကနေ ၁၃၀၀၀ ဖြစ်သွားတယ် အဓိကသူတို့အော်ရမှာက ဆန်ဆိုင်ကြီးတွေ ဆီဆိုတွေကြီးတွေ ကြက်သွန်ဆိုင်တွေကို သူတို့ပြောရမှာက နင်တို့အရင်ဈေးနဲ့ပဲပြန်ရောင်း အသစ်ဝယ်တဲ့ဟာမှ အသစ်ဈေးနဲရောင်းပေါ့ သူတို့က ပင်ရင်းတွေဖြစ်တဲ့အတွက် ဈေးကသူတို့ပါးစပ်ထဲမှာပဲရှိတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ အဖွဲ့အစည်းတွေဘက်မှ အခုလိုလိုက်လံကြေငြာနေပေမဲ့လည်း ဈေးတင်ရောင်းနေတဲ့ ကုန်စုံဆိုင်တွေကို ဖမ်းဆီးအရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“စျေးကတက်ပဲတက်တာ ကျတာမရှိဘူး သူတို့ကစျေးမတက်ဖို့ ကားနဲ့လိုက်ကြေငြာပေမဲ့ တရားဝင်ဖမ်းမှမဖမ်းတာ နမူနာဖမ်းပြကြည့် ဘယ်သူတက်ရဲမှာလည်း ပေါ်ဆန်းမွေးတစ်အိတ် တစ်သိန်းကိုးသောင်းငါးရာ၊ ဈေးတွေကတော့ တက်တုန်းပဲ ကန်းစွန်းရွက်တစီး ငါးရာ၊ ချဥ်ပေါင်တစ်စီးငါးရာ” လို့ သူကပြောပါတယ်။
အခုလိုမြဝတီမြို့တွင် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာကြောင့် နေ့စားအလုပ်သမားတွေ မှာလည်း စားသောက်ရေးအတွက် ပိုမိုကြပ်တည်းလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့တုန်းကလည်း ဘားအံမြို့တွင်း စစ်ကောင်စီတပ်လက်အောက်ခံ အဖွဲ့အစည်းတွေမှာ ကုန်ပစ္စည်းဈေးနှုန်း ဈေးတင်ရောင်းချတာတွေမပြုလုပ်ဖို့ကိုလည်း လိုက်လံကြေငြာ တယ်လို့ ဘားအံမြို့ဒေသခံတွေကပြောပါတယ်။
မြဝတီ-ရန်ကုန် လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာ ဂိတ်ကြေး အများအပြားကောက်ခံနေကာ ရောင်းဝယ်သူတွေမှာလည်း ဈေးတွက်ရောင်းချနေရတာကြောင့် အခုလိုကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပိုင်းတိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာလည်း ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)