မတ္တရာမြို့အနောက်ခြမ်း ပိုဝ မြောက်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးတင်ရှို့နေ

မတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် အနောက်ခြမ်း ပို၀ မြောက်ရွာကို အင်အား (၈၀) ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှ မတ်လ (၂၂) ရက်နေ့ မနက် (၉) နာရီ၀န်းကျင်အချိန်လောက်မှာ မီးစတင်ရှို့နေတယ်လို့သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းက မတ္တရာမြို့ဘက်မှဆင်းလာဖြစ်ပြီး မနက် (၄) နာရီအချိန် လောက်မှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပို၀ရွာကို ရမ်းသမ်းပစ်ခတ် ဝင်ရောက်လာ တယ်လို့လည်း သိရပါတယ်။

“မီးရှို့နေတာက မနက် ၉ နာရီထဲက စရှိနေတာဗျ။  စကစ ဘယ်တပ်ရင်းတပ်မ ကလည်းဆိုတာတော့ ကျွန်တော်တို မသိရသေးဘူးဗျ။ အခုချိန်ထိလည်း မီးကမငြိမ်းသေးသလို မီးလောင်သွားတဲ့ အိမ်က လက်ရှိတော့ (၂၀) ကျော် လောက်ရှိနေပီ။ ထိခိုက်ပျက်ဆီးမှုအခြေအနေတော့ အတိအကျမသိရသေးဘူးခင်ဗျ။ မီးလောင်အားကပြင်းတဲ့အတွက် ဒီ့ထက်များနိုင်တယ်” လို့ Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။

ယခုအချိန်ဟာ ပြည်သူတွေအနေနဲ့ ကောက်ပဲသီးနှံတချို့ ရိတ်သိမ်းနေတဲ့အချိန်ဖြစ်ပြီး စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် ဒေသခံပြည်သူတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို မတ္တရာမြို့ အနောက်ဘက် မြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေမှ ပြည်သူတွေအကုန်လုံးလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ထိ စာရင်းအရ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း − မေမီမင်းညို

ဓာတ်ပုံ − Wetlet Information Network