ဘားအံမြို့မှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားတွေကို ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ လိုက်လံဖမ်းဆီးနေ

ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားတွေကို ဧည့်စာရင်းစစ်တဲ့ ပုံစံနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ဇွန်လ ၁ ရက်နေ့ကစပြီး လိုင်စင်မဲ့ကားတွေ ဖမ်းဆီးမဲ့အကြောင်းနဲ့ လိုင်စင်မဲ့ကားမောင်းနှင် သူတွေကိုလည်း ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ၃နှ စ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်နှစ်ခုလုံး ကျခံရမယ်လို့ ဘားအံခရိုင် လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က မေလနောက်ဆုံးအပတ်က ကားနဲ့လိုက်လံကြေညာထားတဲ့အပြင် စာနဲ့ပါထုတ်ပြန်ကြေညာထားတာပါ။

အခုလိုကြေညာထားပြီးတဲ့နောက်ပိုင်း လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးထားပေမဲ့ မောင်းနှင်သူတွေကိုတော့ ထောင်ချတာတွေမရှိသေးဘူးလို့ ဘားအံမြို့ခံတွေဆီက သိရပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက ဘားအံမြို့ဝင် မြို့ထွက်နေရာတွေနဲ့ လမ်းစုံမီးပွိုင့်တွေမှာ လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးနေတဲ့အပြင် ညဘက်တွေ မှာလည်း ဧည့်စာရင်းစစ်တဲ့ပုံစံမျိုးနဲ့ လိုင်စင်မဲ့ကားဖမ်းဆီးတာတွေကို လုပ်ဆောင်နေတယ်လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။

“ကိုယ့်ခြံရှေ့ရပ်ထားတာတောင် လမ်းမဘေးသူတို့တွေ့တော့ ဖမ်းသွားတယ်၊ တစ်ချို့ကျတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီးလာတာ၊ လိုင်စင်မဲ့ကားတွေ့တော့ဖမ်းသွားရော၊ ညတိုင်းဧည့်စာရင်း လိုက်စစ်နေတာ အခုတလော၊ ဖမ်းခံထိတဲ့ကားတွေလည်းနေ့တိုင်းကြားနေရတယ်၊” လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အခုလို လိုင်စင်မဲ့ကားဖမ်းဆီးနေတာကြောင့် ဘားအံမြို့အနီးနားကျေးရွာတွေကနေ ဘားအံမြို့ကို အသီးအရွက်ပို့ဆောင်ရေးလုပ်ကိုင်သူတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကွမ်တာကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။

“ရွာကနေ ငှက်ပျောသီးသွားပို့ရင် အခြေနေကြည့်ပြီးသွားရတာပေါ့၊ ခိုးပြီးသွားရတယ်၊ အရင်ကလို သွားချင်တိုင်းသွားလို့မရဘူး၊ ရွာထဲမှာ အခုဆို မုန့်ကအစ ကုန်ဈေးတွေတက်နေတယ်၊ ဆန်ကောင်းကောင်းဆို ၁၂ ပြည်အိတ်တစ်အိတ်ကို ၁ သိန်းဖြစ်နေပြီး၊ မုန့်ဆိုရင်လည်း အရင်က ၅၀ တန်မုန့်က အခုဆို ၁၅၀ ဖြစ်နေပြီး၊ ကုန်ဈေးနှုန်းတွေက ၂ ဆလောက်တက်နေတယ်” လို့ သူက ပြောပါတယ်။

အခုလို လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးနေတာကြောင့် ဘားအံမြို့ထဲမှာ လူသွားလူလားနည်းပါးနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေ မေလအတွင်း ဘားအံမြို့မှာ လိုင်စင်မဲ့ကားဖမ်းခံရရင် ကားအမျိုးအစားအလိုက် ၃ သိန်းကနေ ၁၀ သိန်းအထိ ဒဏ်ငွေပေးဆောင်ရပေမဲ့ လက်ရှိအချိန်မှာတော့ လိုင်စင်မဲ့ကား ဖမ်းဆီးခံရပါက ကားကိုအပြီးသိမ်းတဲ့အပြင် မောင်းနှင်သူတွေကိုလည်း  ဖမ်းဆီးထောင်ချနေတယ်လို့ ဘားအံမြို့ဒေသခံတွေဆီက သိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓာတ်ပုံ – Social Media

Phar Si Than (People’s Radio Myanmar)