
ဇွန်လ (၅) ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်း မှအပ အနီးနားရှိကျန်ဒေသတွေကို ထိုင်းအစိုးရမှ ထိုင်းလျှပ်စစ်မီး နဲ့ ထိုင်းအင်တာနက်လိုင်း တွေကို ဇွန်လ (၅) ရက်နေ့ နောက်ဆုံးထား ဖြတ်တောက်တော့မှာ ဖြစ်တယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။
မြဝတီမြို့နယ်ထဲမှ မြဝတီမြို့တွင်းမှ အပ ကျန်ဒေသတွေဖြစ်တဲ့ ရွှေကုက္ကိုလ် ၊ အင်ကြင်းမြိုင် ၊ မင်းလက်ပံ ၊ ကျောက်ခတ် ၊ မေတ္တာလင်းမြိုင်ဒေသ တွေကို ထိုင်းလျှပ်စစ်မီး ဖြတ်တောက်တော့မယ်လို့သိရပါတယ်။ လက်ရှိ ထိုင်းလျှပ်စစ်မီးသုံးစွဲနေတဲ့ ရွှေကုက္ကိုလ်မြို့သစ်ဒေသ မှာတော့ ထိုင်းလျှပ်စစ်မီးကို ယခုအချိန်ထိ ပေးထားပြီး ည(၁၂) နာရီအချိန်တွင် ဖြတ်တောက်တော့မှာ ဖြစ်တယ်လို့ ရွှေကုက္ကိုလ်မြို့သစ် ဒေသခံတဦးက အခုလို ပြောပါတယ်။
“ထိုင်းလျှပ်စစ်မီးက အခုထိတော့လာနေတုန်းပဲ။ ဒါပေမယ့် ည (၁၂) နာရီနောက်ပိုင်းကစပြီး ဖြတ်တော့မယ်လို့ ကြားထားတယ်။ ရွှေက္ကိုလ်ဘက်ကိုတော့ ထိုင်းအင်တာနက်လိုင်းတွေ ဖြတ်မယ်လို့တော့ မကြားမိဘူးလို့” သူက ဆိုပါတယ်။
အင်ကြင်းမြိုင်ကျေးရွာဒေသနဲ့ အနီးပတ်ဝန်းကျင်က ရွာတွေမှာလည်း ဇွန်လ (၅) ရက်နေ့ ဒီကနေ့ နောက်ဆုံး ထားပြီး ထိုင်းလျှပ်စစ်မီး ဖြတ်တောက်တော့မှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ မြန်မာ့လျှပ်စစ်မီး ပြန်လည်မရရှိသေးတဲ့အပြင် ထိုင်းလျှပ်စစ်မီးပါ ဖြတ်တောက်တော့မယ့်အခြေအနေမှာ ဒေသခံကျေးရွာသား တွေအနေနဲ့ မီးစက်မီး နဲ့ ဆိုလာမီး ကိုသာ အားထားသုံးနေရတာလည်းဖြစ်ပါတယ်။
“မနက်ဖြန်ကစပြီးထိုင်းမီးဖြတ်တော့မှာ လို့ကြားတယ်။ ထိုင်းအင်တာနက်လိုင်းကတော့ ဖြတ်မဖြတ်တော့ သေချာမသိသေးဘူး ။ အရင်ထဲက အင်ကြင်းမြိုင်ဘက်နဲ့ အဲ့နားက ကျေးရွာတွေမှာက ဆိုလာ နဲ့ မီးစက်ကို ပဲ သုံးကြတာ ။ အခု သုံးနေတဲ့ ထိုင်းမီးကပါမပေးတော့ဘူး ဖြတ်တော့မယ်ဆိုရင်တော့ အရင်လို ဆိုလာ နဲ့ မီးစက် ကိုပဲ ပြန်သုံးရတော့မှာပေါ့” လို့ အင်ကြင်းမြိုင်အနီးပတ်ဝန်းကျင်ရွာက ဒေသခံတဦးက ပြောပါတယ်။
မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ၊ ကာစီနိုရုံအနီးနားရှိ နေရာတွေက နေအိမ်အချို့ မှာ ဇွန်လ (၄) ရက်နေ့ မနေ့က စပြီး ထိုင်းလျှပ်စစ်မီး စတင်ပြတ်တောက်နေတာဖြစ်ပါတယ်။ မြဝတီမြို့ပြင်က ကျေးရွာတွေမှာ ထိုင်းဆက်သွယ် ရေးလိုင်းတွေဖြစ်တဲ့ AIS ၊ DTAC နဲ့ True Move လိုင်းဆွဲအားတွေလျော့ချထားတာကြောင့် ဒေသခံတွေမှာ Mytel နဲ့ ATOM ဖုန်းလိုင်းတွေကိုသာ ပြောင်းလဲသုံးစွဲနေရတာဖြစ်ပါတယ်။
သတင်း − နော်ဝါးဝါးဖော
ဓာတ်ပုံ − CJ
Phar Si Than (People’s Radio Myanmar)