ကြာအင်းဆိပ်ကြီးက စစ်ကောင်စီလက်အောက်ခံရုံးတွေနှစ်ရက်ဆက်တိုက် ဒရုန်နဲ့ဗုံးကြဲခံရကာ စစ်သား၂ ဦးသေဆုံး

ဇွန်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီတပ်လက်အောက်ခံ အစိုးရရုံးနဲ့ အဆောက်အအုံတွေကို ဇွန်လ ၇ ရက်နေ့ ည ၁၂ နာရီနဲ့ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီအချိန် နှစ်ရက်ဆက်တိုက် ဒရုန်းဗုံးနဲ့ကြဲတိုက်ခိုက်ခဲ့ရကာ စစ်သား၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကြာအင်းဆိပ်ကြီက စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ်လဝကရုံးနဲ့ ဇမိခန်းမကို KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ Cloud Wings Drone တပ်ဖွဲ့မှ ၈၁ မမ ဗုံးသီးတွေအသုံးပြုကာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတွေပျက်စီးတဲ့အပြင် ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Cloud Wings Drone တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့ ဟိုရက်က ဆိပ်ကြီးမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စကစတွေဘက်က သတ္တိရှိရင် ဆိပ်ကြီး ပြန်လာခဲ့လို့ အသံတွေထွက်လာတယ်။ သတ္တိရှိလို့ ၈၁ မမဗုံး သီး ၄ လုံး လက်ဆောင် သွားပို့ပေးလိုက်တယ်။ မြိန်သွားပြီ ထင်ပါတယ်” လို့ သူကပြောပါတယ်။

ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်မှ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်းပူပေါင်းပါဝင်ခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“ဒရုန်းနဲ့သွားပစ်တဲ့အချိန်မှာ ကျွန်​တော်တို့ဘက်အပြန်အလှန်ပစ်ခတ်တာမျိုးတော့မရှိဘူးပေါ့နော် သူတို့ဘက်ကနေပြီးတော့ ၁၂၀ မမနဲ့ပြန်ပစ်တာမျိုးတော့ရှိတယ် အဓိကကတော့ရပ်ကွက်တွေနဲ့ အနီးအနားမှာရှိတဲ့ကျေးရွာတွေဘက်ပေါ့ ပစ်တာတွေတော့ရှိတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာအဆောက်အအုံတွေကိုတိုက်ခိုက်တာဟာ မြို့တွင်းမြို့ပြင် လှည့်လည်စစ်ဆေးတာ ဂိတ်ချတာတွေအပြင် ကင်းပုန်းဝပ်ကာဖမ်းဆီးစစ်ဆေးတာ သတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့်ဖြစ်ပြီး အခုလိုဥပဒေမဲ့လုပ်ရပ်မျိုးတွေ အဓိကလုပ်ဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို ပြတ်ပြတ်သားသားချေမှုန်းတိုက်သွားမယ်လို့ ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမှာ ဇွန်လ ၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ဒေသခံပြည်သူတွေ နေအိမ်အတွင်းမနေရဲကြတော့ဘဲ မြို့ထဲရှိဘုန်းကြီးကျောင်းတချို့မှာသွားရောက်နေထိုင်နေ ကြပြီး ညတိုင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ကြာအင်းဆိပ်ကြီးမြို့အနောက်ဘက်ကမ်းရှိ ကွင်ပြင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူဒေသ​ခံတွေကပြောပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)