ဘားအံမြို့မှာ စစ်ကောင်စီတပ်နဲ့ ရပ်ကွပ်လူကြီးတွေပေါင်းပြီး ဧည့်စာရင်းမတိုင်ကြားသူတွေကို ဒဏ်ငွေ ၂ သောင်း ဒဏ်ရိုက်ပြီး ပြန်လွတ်ပေးနေတယ်လို့သိရ

မေလ ၅ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ  စစ်ကောင်စီတပ်တွေနဲ့ ရပ်ကွပ်လူကြီးတွေပေါင်းပြီး ရပ်ကွက်ထဲက အိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်ကြားတဲ့လူတွေရှိပါက ဒဏ်ကြေးငွေ တောင်းခံတာတွေကို ပြုလုပ်နေတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးကလူတွေပေါင်းပြီး တစ်ပတ်မှာ ၃ ရက်လောက် ရပ်ကွက်ထဲ ဧည့်စာရင်းလိုက်စစ်နေပြီး ဧည့်စာရင်းမတိုင်သူတွေကိုတွေ့ရှိပါက ရပ်ကွက်ရုံးကိုခေါ်သွားပြီး ဒဏ်ကြေးတောင်းကာ ပြန်လွှတ်ပေးတာတွေရှိနေတယ်လို့ ဘားအံမြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“ဧည့်စာရင်းစစ်တာက ခနခနကြားရတယ်၊ ဖမ်းခံထိတာတွေတော့မရှိဘူး၊ ဧည့်စာရင်းစစ်လို့ ဧည့်စာရင်းမတိုင်ထားတဲ့လူတွေ၊ ဧည့်စာရင်းတိုင်တာရက်လွန်နေတဲ့လူတွေရှိရင်တော့ ဒဏ်ကြေး ဆောင်ရတယ်၊ တစ်ယောက်ကို ၂ သောင်းပေးရတယ်” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဧည့်စာရင်းစစ်နေတဲ့အပြင် ဧည့်စာရင်းစစ်တဲ့ အိမ်တွေမှာနေတဲ့လူငယ်တွေရဲ့ဖုန်းတွေကို ဧည့်စာရင်းလာစစ်တဲ့ လူတွေက ယူကြည့်တာတွေကိုပါပြုလုပ်နေတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

“ဘားအံမှာက ဧည့်စာရင်းလာစစ်လို့ သူတို့မသင်္ကာတဲ့လူတွေ၊ ပြီးရင် အပြင်ကနေလာလည်လို့ အမျိုးအိမ်မှာနေတဲ့လူတွေကိုဆို ဖုန်းတောင်းပြီးတော့ ဓာတ်ပုံတွေ ဘာတွေစစ်တယ်၊ ကျွန်တော်တို့လည်း စစ်ခံထိတယ်၊ လူကြီးတွေဆိုရင်တော့ ဧည့်စာရင်းစစ်တာလောက်ဘဲကြည့်တာ၊ လူငယ်အရွယ်တွေ ဆိုရင်တော့ သူတိုစစ်ချင်ရင် ဖုန်းတွေကိုယူကြည့်တယ်”  လို့ ဘားအံမြို့မှာနေထိုင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဘားအံမြို့မှာ ဧည့်စာရင်းမကြာခဏစစ်လေ့ရှိပြီး ၂၀၂၃ ခုနှစ်အစပိုင်းကစပြီး အစစ်အဆေးတွေ အရင်ကထက် ပိုမိုတင်းကြပ်လာသော်လည်း မြို့တွင်းရပ်ကွက်တွေမှာ ခိုးမှု၊ ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေကို နေ့တိုင်းဖြစ်ပေါ်နေပြီး တရားခံတွေကို ဖမ်းမိတာတွေမရှိဘူးလို့ သိရပါတယ်။

သတင်း – ဖြိုးလေး

ဓာတ်ပုံ -CJ

Phar Si Than (People’s Radio Myanmar)