
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP)ရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး ပျက်စီးသွားတယ်လို့ ဖာပွန်မြို့ဒေသခံတွေက ပြောပါတယ်။
ဖာပွန်မြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။
အခုလို အိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ပျက်စီးခဲ့သလို အနီးနားရှိ ဒေသခံနေအိမ်တစ်ချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အသံကတော့ တော်တော်ကျယ်တယ်၊ အိမ်တွေပါတုန်တယ်၊ အဲ့ဒီရုံးက အာဏာသိမ်းပြီးနောက်ပိုင်း ထဲက ပိတ်ထားတော့ လူမနေဘူး၊ လူမထိဘူး၊ ရုံးကတော့ ပျက်စီးသွားတယ်၊ ဘေးနားက အိမ် ၃ အိမ်လောက်က အစထိတယ်” လို့ ဖာပွန်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလိုတိုက်ခိုက်ခံရပြီး ၁၈ ရက်နေ့မနက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေ သွားရာက်စစ်ဆေးချိန်မှာ နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖာပွန့်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေ မကြာခဏတိုက်ခိုက်ခံ နေရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ ည ၁၂ နာရီလောက်ကလည်း ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ သစ်တောဦးစီးဌာနရုံးဗုံးခွဲတိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)