ဖယ်ခုံ တောင်ပို့ကြီးကျေးရွာအတွင်း လက်နက်ကြီးများကျရောက်တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရ

ဧပြီ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ဒီကနေ့ မနက် ၁၁ နာရီခန့်က ဖယ်ခုံ တောင်ပို့ကြီးကျေးရွာအတွင်း လက်နက်ကြီး ကျရောက်တာကြောင့် နေအိမ်အတွင်း အလုပ်လုပ်နေတဲ့ ဒေသခံ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းထံက သိရပါတယ်။
“ရွာထဲကို ကျတာကတော့ ၁၁ နာရီလောက်ကပေါ့၊ သူတို့လေးယောက်က နေ့လည်စာစားအပြီး နားနေတုန်း လက်နက်ကြီးက အိမ်ထဲကျတာ၊ ရွာထဲကို လက်နက်ကြီးက ၄ လုံးလောက် ကျတယ် ပြောတယ်၊ ဒဏ်ရာရသူတွေမှာ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ညာလက်မောင်းကို ထိတဲ့သူက ဒဏ်ရာပြင်းထန်တယ်” လို့ ရွှေလွိုင်ကော်ပရဟိတအသင်း ဒုဥက္ကဌဖြစ်သူက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူများမှာ ဦးသဲရယ် (အသက်၃၉နှစ်)၊
ဦးမျိုးမင်းခန့် (အသက်၃၁နှစ်)၊ ဦးမိုးသူ (အသက်၃၆နှစ်)၊
ဦးမျိုးမင်းခိုင် (အသက်၃၁နှစ်) တို့ဖြစ်ကြပြီး ဦးခေါင်း၊ မျက်နှာ၊ ကျောပြင်၊ လက်မောင်းတို့အပြင် ခန္တာကိုယ်အနှံ့ ယမ်းစထိမှန်ဒဏ်ရာရသူများလည်း ပါဝင်ပါတယ်။ အဆိုပါ အမျိုးသားလေးဦးက လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြပြီး လက်သမားအလုပ်လုပ်သူတွေဖြစ်ပါတယ်။
လက်နက်ကြီးကျရောက်ချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိနေဘူးလို့လည်း သိရပါတယ်။
“လက်နက်ကြီး ကျတဲ့အချိန်ကတော့ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး၊ ဒီနေ့မှာ တိုက်ပွဲမဖြစ်ပေမဲါ အဲ့ဒီနားတဝိုက်က ရှေ့ရက်တွေကတော့ စစ်‌မြေပြင်လို ဖြစ်နေတာပေါ့၊ လက်နက်ကြီးကျတဲ့ရွာမှာလည်း ဒေသခံတချို့က တိမ်းရှောင်ကုန်ပြီ၊ တချို့ နည်းနည်းကတော့ နေနေတုန်းပဲ” လို့ ၎င်းကဆက်လက်ပြောပြပါတယ်။
ဧပြီတလအတွင်း ကရင်နီပြည်နယ်မှာ လက်နက်ကြီးထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရသူ ယခု ၄ ဦး အပါအဝင် ၁၀ ဦး ရှိနေပြီဖြစ်ပါတယ်။ ထိခိုက်သူများထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် ၂ ဦး ပါဝင်နေပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – ရွှေလွိုင်ကော်ပရဟိတအသင်း