
ဒီဇင်ဘာလ ၁၈ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျောက်ဆိပ်ကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး နေအိမ်တွေကို မွှေနှောက်ကာ အသက် ၂၀ကျော်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ငါးရက်ကြာတဲ့အထိ ပြန်မလွတ်ပေးသေးဘူးလို့ ရေဖြူမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၁၄ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက အင်အား ၂၀လောက်နဲ့ ကျောက်ဆိပ်ကုန်းရွာထဲကို ဝင်ရောက်လာကာ ရွာထဲက အမျိုသား ၁၀ဦးလောက်ကို ဖမ်းဆီးပြီး ဖုန်းတွေကို စစ်ဆေးခဲ့သလို ရိုက်နှက်နှိပ်စက်တာတွေလည်း ရှိ ခဲ့တယ်လို့ ရေဖြူမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ ကျောက်ဆိပ်ရွာမှာ တရွာလုံးကလူတွေကို လမ်းပေါ်ခေါ်စစ်တာ။ စစ်တာက ဖုန်းတွေကိုပေါ့။ လူကြီးတစ်ယောက်ကိုလည်း ရိုက်တယ်။ ပြီးတော့ ဖုန်းယူမလား လူကိုပစ်သတ်ရမလားဆိုပြောပြီး ပြန်လွှတ်လိုက်တယ်” လို့သူကအခုလိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားတဲ့ ရွာသားတွေကို ညနေပိုင်းလောက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၂၅နှစ်အရွယ်ရှိ မောင်မယ်ရှောင်ရွာသား ကိုအေးရှားကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေဖြူဒေသခံက ဆက်ပြောပါတယ်။
“ အေးရှား မောင်မယ်ရှောင်ရွာက ကျောက်ဆိပ်ကုန်းမှာ တံခါးသွားလုပ်တာ။ စစ်သားတွေ ဝင်လာတာနဲ့တွေ့ပြီး ပါသွားတာ။ ဖုန်းထဲစစ်လိုက်တော့ PDFကိုဖုန်းဘေလ်လွှဲထားတာတွေ့လို့ ဆိုပြီး ဖမ်းသွားတယ်” လို့သူကပြောပြပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက ကျောက်ဆိပ်ကုန်းရွာထဲက နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိပစ္စည်းတွေနဲ့ အိမ်အသုံးဆောင်တွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ကျောက်ဆိပ်ကုန်းရွာသားတစ်ဦးက “ အိမ်တွေမှာ တိုင်ကပ်နာရီတွေပါမကျန် ယူသွားတယ်။ တခါဝင်ရင် တစ်ခါယူတယ်။ အိမ်တွေမှာလည်း ဘာမှမရှိတော့ဘူး။ တော်တော်ဆိုးသွမ်းတာ။ အဲ့စစ်သားတွေက ဘုရားမဲဂိတ်က လူတွေမဟုတ်ဘူး” လို့သူက ပြောပါတယ်။
ကျောက်ဆိပ်ကုန်းရွာထဲကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေတာတွေကိုလည်း လုပ်ဆောင်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၃ရက်နေ့နဲ့ ၄ရက်နေ့တွေမှာ ဇီးကျရွာရှိ ထားဝယ်အကျဉ်းထောင်အသစ်နဲ့ တိုးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာက ဒေသခံတွေကို ရိုက်နှက်နှိပ်စက် စစ်ဆေးခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)