
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
မြန်မာနိုင်ငံအတွင်း နှစ်သောင်းတန်ကျပ်ငွေ ထုတ်ဝေမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်မြို့မှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ စစ်ကောင်းစီတပ်ဘက်မှ နှစ်သောင်းတန်ကျပ်ငွေ ထုတ်ဝေမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း ဘုရားသုံးဆူနယ်စပ်မြို့မှာ ဆန်အပါအဝင် စားသောက်ကုန်တချို့မှာ ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ဆန်ကအရင်ကဆိုရင် တစ်တင်းအိတ်ကို ၁၅၀၀ (ဘတ်)ပဲ အခု ၁၈၀၀ (ဘတ်) ဖြစ်သွားပြီး ဆီ၊ ဆား၊ အချိုမှုန့်တွေဆိုရင်လည်း ဈေးနှုန်းတအားတက်သွားတယ်၊ အချိုမှုန့်ဆိုရင်အရင်က ၁ ကီလိုကို ၁၀၀ (ဘတ်) ကျော်ကျော်ပဲ အခုက ၂၀၀ (ဘတ်)နီးပါးဖြစ်နေတယ်၊ ကြက်သွန်နီဆိုလည်းအရင်က ၁ ကီလို ၃၀ (ဘတ် ) ပဲ အခု ၄၀ (ဘတ်)ကျော် ၅၀ (ဘတ်)နီးပါး”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဒေသခံအမျိုးသမီးတစ်ဦးကလည်း “စျေးကတော့တက်နေရောပဲ ဆန်တော့ပိုတက် ကျန်တာတွေလည်းတက်တယ် ဆန်ကတော့အစားစားပဲပေါ့ ၆ ပြည်အိတ်က ၃၉၀ (ဘတ်) အထိရှိတယ် တစ်အိတ်ကို ၃၀ ၊ ၄၀ လောက် တက်သွားတယ်၊ အိတ်အကြီးတော့မသိဘူး မဝယ်ဘူးလို့” လို့သူက ပြောပါတယ်။
နှစ်သောင်းတန်ကျပ်ငွေထုတ်ဝေမယ်ဆိုပြီး သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ မြန်မာငွေကြေး တန်ဖိုး ကျဆင်းလာပြီး ဘုရားသုံးဆူမြို့အတွင်း ငွေကြေးလဲလှယ်တဲ့လုပ်ငန်းလုပ်ကိုင်သူတချို့မှာလည်း လုပ်ငန်းရပ်နားထားပြီး လဲလှယ်တာတွေ မပြုလုပ်ပေးတော့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေသခံ အမျိုးသမီး နောက်ထပ်တစ်ဦးမှာလည်း “အခုတောင်သုံးဆူမာ မြန်မာငွေကနေ ဘတ်ငွေတောင် မလဲပေးကြတော့ဘူး မနေ့ကတောင် အစ်မသွားလဲတာတောင် မလဲပေးကြဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလိုသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူအတွင်းမှာသာမက မြဝတီနယ်စပ်မြို့မှာလည်း ငွေကြေးလဲလှယ်တဲ့ လုပ်ငန်းတချို့မှာ ရပ်နားထားရပြီး မြန်မာတစ်နိုင်ငံလုံးနီးပါး အခုလိုကုန်ဈေးနှန်းမြင့်တက်နေတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်နဲ့ သံတောင်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေပြီး ဘားအံမြို့နဲ့ လှိုင်းဘွဲမြို့နယ်တွေက ဒေသအချို့မှာသာ နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တယ်လိုသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)