[videopress IK1Zwga1]
ဧပြီလ ၂၉ရက်နေ့၊ ၂၀၂၄ခုနစ်
စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ၊ ပလမြို့ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ၃ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
ဧပြီလ ၂၅ရက်နေ့နဲ့ ၂၆ရက်နေ့ ညနေ ၃နာရီလောက်မှာ ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြား ရေးတာဝန်ခံက ဆိုပါတယ်။
“ ကျနော်တို့ဘက်က ဗုံးသီးချပြီးချိန်မှာတော့ ရဲစခန်းထဲကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်။ အခြားထိခိုက်တာမျိုးတော့ မရှိဘူး” လို့သူက အခုလိုပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်တွေဘက်က ရာထူးကြီးပိုင်းတစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇရပ်ဆိပ်ရွာက ပြည်သူ့စစ်ခေါင်းဆောင် မောင်ဇော်လဲ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧပြီလ ၂၈ရက်နေ့၊ ညနေ ၃နာရီ ၄၅မိနစ်လောက်မှာ ပလမြို့ရဲစခန်းကို ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ ၄နာရီခွဲလောက်မှာတော့ တိုတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးသီး ၁လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။
အဆိုပါ ထိခိုက်ကျဆုံးတာနဲ့ပတ်သတ်ပြီး မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ ပြန်ကြားရေးတာဝန်ခံက “ ကျနော်တို့ ပလရဲစခန်းကို တိုက်ခိုက်ချိန်မှာ အဓိက ပစ်မှတ်ထားတာက လက်နက်ကြီးပစ်ကွင်းထဲက စစ်ကောင်စီတပ်သား ၄ဦးကိုပါ။ တိုက်ခိုက်ခံရပြီးချိန်မှာတော့ ပလရဲစခန်းကို လူနာတင်ယာဉ်အဝင်အထွက်ရှိတယ်” လို့သူက ပြောပါတယ်။
ဧပြီလ ၁၆ရက်နေ့ကလည်း ပလောက်မြို့ တံတားကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ တပ်သား ၄ဦးသေဆုံးခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တဲ့ ရုပ်သံ
People’s Radio Myanmar (Hpar Si Than)