
အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတစ်ချို့မှာ ကျေးရွာအတွင်းမနေထိုင်ရဲတော့ပဲ ထပ်မံပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဒေသခံ တွေထံမှသိရပါတယ်။
လူဦးရေ ၂၀၀၀ ဝန်းကျင်လောက်နေထိုင်နေကြတဲ့ ခလယ်ရွာအောအတွင်းအောက်တိုဘာလ ဒုတိယအပတ်လောက်ကနေစပြီးတိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့ အပြင် စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ဘုရားကုန်းကပါ လက်နက်ကြီးနဲ့ ပစ်မှာကို စိုးရိမ်တာကြောင့် ခလယ်ကျေးရွာအတွင်းက သက်ကြီးရွယ်မအိုတွေ ၊ ကလေးငယ်တွေ ရှိတဲ့ နေအိမ်အများစုကတော့ မုဒုံမြို့ နဲ့ အနီးအနားက ရာဘာခြံတွေမှာ သွားရောက်နေထိုင်ကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ကပြောပါတယ်။
“လူဦးရေကတော့ တွက်ချက်လို့ မရဘူး သက်ကြီးပိုင်းနဲ့ ကလေးတွေရှိတဲ့ သူတွေကတော့ တော်တော်များများပြောင်းကြတယ်ပေါ့ သူတို့နဲ့ နီးတဲ့သူတွေတော်တော်များများကလည်း ပြောင်းကြတယ် တစ်ချို့တစ်ဝက်တွေကတော့ ရော်ဘာခြံတွေ ၊ခြံထဲမှာတွေ သူတို့ လယ်တောမှာတွေသွားနေကြတာပေါ့ ၊ရွာရဲ့အပေါ်ဘုရားကုန်းနားမှာ စစ်တပ်တွေရှိတယ်
ကိုယ်တွေနေတဲ့ ရွာကသူတို့စောင့်တဲ့ ကြားတွေမှာဖြစ်နေတယ် အမြှောက်တပ်က ဘုရားကုန်းမှာ ထောင်ထားတယ်ဆိုတော့ အခုကတော့ပစ်တော့ပစ်မနေဘူး လူတွေကတော့ တစ်ချို့တစ်ဝက်လောက်ကတော့ ပြောင်းရွှေ့နေကြတာပေါ့ သူတို့ကတော့ ရွာလယ်မှာတွေလာ ရှိနေတယ်ဆိုတော့”လို့ သူကပြောပါတယ်။
ခလယ်ရွာအတွင်းတိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေသလို ကျေးရွာအတွင်းမှာလည်း စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ ခလယ်မွန်စုအတွင်းက ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခြေနေကတော့မကောင်းဘူး ပြောင်းတဲ့သူလည်းပြောင်းနေကြတယ် တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေတယ် အခုကကြောက်ကြောက်နဲ့ပဲနေနေရတယ် စစ်ကြောင်းတော့
ထိုးမလာဘူး ပြောင်းတာကတော့ မွန်ဘက်ကို ပြောင်းတာများတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် အခုလက်ရှိအချိန်မှာ နှစ်ဖက်စစ်ရေးအခြေနေ တင်းမာတာမျိုးမရှိပေမဲ့ စစ်ကောင်စီတပ်ဘက်မှ ဆက်သွယ်ရေးရေမြောင်းတွေ အခိုင်အမာတူးထားသလို ဘုရားကုန်းအနီးတဝိုက်မှာလည်း စစ်ကောင်စီအင်အား၈၀ လောက်တပ်စွဲနေထိုင်နေကြတယ်လို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်ကတော့ လက်နက်ကြီးသံတွေကြားတယ် ခုတစ်ရက်နှစ်ရက်တော့ မကြားမိဘူး နောက်ပြီးဒီကောင်တွေ ဆက်သွယ်ရေးမြောင်းတွေ
အခိုင်အမာတူးထားတယ် ဘုရားကုန်းတဝိုက်မှာ အင်အား၈၀ လောက်ရှိတယ် သိရသလောက်ပေါ့ အခု လက်တလောကတော့ အေးဆေးပဲ”လို့ သူကပြောပါတယ်။
တံခွန်တိုင်ကျေးရွာကဒေသခံအမျိုးသမီးတစ်ဦးကလည်း “အခုအခြေနေကတော့ ငြိမ်နေတယ် စကစ ကတော့တံခွန်တိုင်ဇီးဖြူကုန်းမှာ နေရာယူထားကြတယ် တံခွန်တိုင်ရွာမှာရှိတဲ့ကုန်း ဘုရားတွေတည်ထားတဲ့ကုန်းပေါ့ ရဲစခန်းနဲ့ နီးနီးလေးပါပဲ “လို့သူကပြောပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ ၊တပ်မ၂၂ နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေက ခလယ်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်းဒေသခံပြည်သူတွေကိုရိုက်နှက်နှိပ်စက်တာတွေပြုလုပ်ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ်ထဲက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း စစ်ကောင်စီ တပ်ဘက်မှယူေဆာင်သွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၊ စက်တင်ဘာလနဲ့အခုအောက်တိုဘာလအတွင်း ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်မြို့နယ်အတွင်း
စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတွေကြောင့်
စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးထပ်မနည်းထိခိုက်သေဆုံးမှုတွေရှိတယ်လို့ နယ်မြေခံပြည့်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-cj
Phar Si Than (People’s Radio Myanmar)