တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဆေးတပ်ဗိုလ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံး

ဇွန်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သမီးလှကျေးရွာနဲ့ တကူကျေးရွာဘက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ၃ ရက်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်တာခံရလို့ ဆေးဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ KTLA(TCJF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လ ၁၇ ရက်နေ့မှာ တကူးကျေးရွာ၊ သမီးလှကျေးရွာနဲ့ သိမ်းတောရွာဘက်ကို အဓိကဦးတည်ပြီး အင်အား ၈၀ လောက်နဲ့ ဝင်ရောက်လာတယ်လို့ KTLA(TCJF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။

“စစ်ကြောင်ထိုးတယ်လို့လည်းပြောတယ်။ လမ်းမှားပြီးဝင်လာတယ်လို့လည်း ပြောတယ်။ အင်အား ၈၀ လောက်နဲ့ လမ်းမှားဝင်လာစရာအကြောင်းမရှိဘူး။ သူတို့ရဲ့ ဦးတည်ရာက သမီးလှတို့၊ ကော်တောရွာကနေတဆင့် သူတို့ဦးတည်ရာက သိမ်းတောပေါ့။ သိမ်းတောမှာ သူတို့စခန်းရှိတယ်လေ” လို့သူကပြောပါတယ်။

တနင်္သာရီဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက စကခ ၁၃ လက်အောက်ခံ ခမရ ၄၃၁ တပ်ရင်းက ဖြစ်တယ်လို့ KTLA(TCJF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက အခုလိုပြောပါတယ်။

“စကခ ၁၃ လက်အောက်ခံ ကော့သောင်းဘက်က တပ်တွေပေါ့။ ဒီဘက်နယ်မြေမှာ အများဆုံး လှုပ်ရှားတာက ၄၃၁ တပ်ရင်း။ ၄၃၁ တပ်ရင်းက ထိနာတာများတော့ အင်အား ၈၀ မပြည့်တော့ဘူး။ ထင်တာက တခြားတပ်တွေနဲ့ ထိုးစစ်ဆင်လာတာဖြစ်ဖို့များတယ်” လို့ သူကဆက်ပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ မြေပြင် အနီးကပ်တိုက်ပွဲ့တွေအပြင် လေကြောင်းကနေလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

KTLA(TCJF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက “၃ ရက်ဆက်တိုက် တိုက်ပွဲအကုန်လုံးက မြေပြင်အနီးကပ်တိုက်ပွဲတွေ၊ လက်နက်ငယ်တိုက်ပွဲတွေပါတယ်။ တော်လှန်ရေးတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက် တာလည်းပါတယ်။ အဓိကက မြေပြင်နဲ့ ဝေဟင်ပေါင်းစပ်ပြီး ဒီတိုက်ပွဲကို ဖော်တာပါ” လို့ သူကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဆေးဗိုလ်အရာရှိ တစ်ဦးအပါအဝင် ၃၀ ကျော် ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထဲကို ဗုံးသီးကျရောက်တာနဲ့ ဒဏ်ရာရသူတွေနဲ့ အလောင်းတွေ သယ်ယူနေတာကို ထုတ်ပြန်ထားတဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး ကျည်ရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို KTLA(TCJF)၊ SWDF၊ မြိတ်ခရိုင် တပ်ရင်း၂၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ ခွပ်းဒေါင်းတမန်အထူးစစ်ကြောင်း၊ မြိတ် (ပကဖ) အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်တွေဘက်က တိုက်ပွဲဖြစ်တဲ့ နေရာအနီးတဝိုက်ကို စစ်ကောင်စီအထိုင်တပ်ချထားတဲ့ လေသာတောင်ပေါ်ကနေ ၁၂၀ မမ၊ ၆၀ မမတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာထဲကနေအိမ်တွေ ပျက်စီးတာတွေအပြင် ဘန်လင်ရွာက အသက် ၆၀ အရွယ် အမျိုးသမီးတဦး လက်နက်ကြီးဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံ သတင်းအရင်းတွေဆီကနေ သိရပါတယ်။

အခုလက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေဘက်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေသာတောင်ပေါ်ကနေ ဇွန်လ ၂၂ ရက်နေ့၊ နေ့လယ် ၂နာရီလောက်မှာ ဘန်လောရွာ အရှေ့ဘက်ကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်

“လက်နက်ကြီးကတော့ တိုက်ပွဲမရှိတဲ့ ရက်တွေမှာလည်း တောက်လျှောက်ပစ်နေတာဘဲ။ အခုလည်း နေ့လယ် ၂ နာရီလောက်က ဘန်လောအရှေ့ပေါ့ ရွာနားလေးကို ၅ လုံး လှမ်းပစ်တယ်။ ၃ လုံးကွဲတယ်။ ၂ လုံးကတော့ မကွဲဘူး” လို့ သူကပြောပါတယ်။

အခုလက်ရှိ စစ်ရေးအခြေအနေက နှစ်ဖက်စောင့်ကြည့်အနေအထားမှာရှိနေပြီး အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်တယ်လို့ KTLA(TCJF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့ကလည်း တနင်္သာရီမြို့ကြေးရုပ်အနီး စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဥယျာဉ်ခြံကပြန်လာတဲ့ အသက် ၂၀ ကျော်အရွယ် ကိုသားချောကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

[videopress CTngww9R]

သတင်း – နော်အယ်နီး

ရုပ်သံ – KTLA(TCJF)

Phar Si Than (People’s Radio Myanmar)