ကျပ်နှစ်သောင်းတန်ထုတ်ဝေမယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ကော့ကရိတ်မြို့မှာ ကုန်စျေးနှုန်းတွေမြင့်တက်လာ

ဇူလိုင်လ၂၄ ရက်၊ ၂၀၂၃ ခုနှစ်

မြန်မာနိုင်ငံမှာ ကျပ်နှစ်သောင်းတန်ထုတ်ဝေမယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းမှာ ကျပ်၂သောင်းတန်တွေထုတ်ဝေမယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက် နေ့လည်ပိုင်းမှာ အခုလိုကုန်စျေးနှုန်းတွေတက်လာတယ်လို့ ကော့ကရိတ်မြို့ခံ တွေဆီက သိရပါတယ်။

“စျေးထဲမှာလူတောင်မရှိဘူး၊ ဆီစျေး ၅ လီတာကို ၂၃၀၀ ဖြစ်သွားပြီး၊ မနေ့ကထိကို ၂၁၀၀၀ ဘဲ၊ ဆန်ဆိုရင်လည်း မနေ့က ၆ ပြည်အိတ်ကို ၂၂၀၀၀၊ ဒီမနက်ကို ၂၅၀၀၀၊ မနက်ပိုင်းသတင်းတွေ တက်လာပြီး နေ့လည်ပိုင်းစျေးစတက်တော့တာဘဲ” လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ​ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲနေတိုင်းနီးပါးဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးခတ်ခဲနေတဲ့အပြင် အခုလို ကုန်စျေးနှုန်းတွေတက်လာ​ကြောင့် ဒေသခံတွေမှာ အခက်အခဲတွေနဲ့ပိုပြီးရင်ဆိုင်လာရတယ်လို့ သိရပါတယ်။

“အခက်အခဲတွေပိုပြီးများလာတယ်၊ အခုကမြို့နားမှာ တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတယ်၊ လမ်းကသွားလာရတာအဆင်မပြေဘူး၊ အဲ့ဒါတွေနဲ့ စျေးတွေတက်နေတာ၊ အခု ၂ သောင်းတန် ထုတ်မယ်လို့သတင်းတွေထွက်လာတော့ စျေးကချက်ချင်းတက်သွားတယ်လေ၊ ပိုပြီးခက်ခဲသွားတာပေါ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ကျပ် ၂ သောင်းတန်ထုတ်ဝေမဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာငွေတန်ဖိုးတွေ ကျဆင်းလာပြီး ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာလည်း ငွေကြေးလဲလှယ်တဲ့ လုပ်ငန်းတွေရပ်နားထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Social Media

Phar Si Than (People’s Radio Myanmar)