စစ်တပ်က ပြည်သူတွေကိုစစ်ဆေးနေစဉ် KIA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်။
မေ ၊ ၁၃ ၊ ၂၀၂၆
ကချင်ပြည်နယ် ၊ ဖားကန့်မြို့မှာ မနေ့က မေလ ၁၃ ရက်နေ့ နေ့လည် တစ်နာရီလောက်အချိန် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အစစ်ဆေးပြုလုပ်နေချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စစ်ဆေးနေချိန် ဖားကန့်မြို့ ၊ မော်ဝမ်းရပ်ကွက်ရှိ မြို့မ ကဖေး ဆိုင်အပေါ် ဒရုန်းဗုံးကြဲချခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူအထိခိုက်မရှိကြောင်းနဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အစစ်ဆေးကို ရပ်တန့်ခဲ့တယ်လို့သိရပါတယ်။
” စစ်သားတွေနေတဲ့ နေရာကိုမကျဘူး။ ဒီကောင်တွေနေတဲ့ကပ်ရက်နားက ဆိုင်ပေါ်သွားကျတာ။ ဗုံးလာကျပြီးတာနဲ့ ရပ်သွားတယ်။ ပုံမှန်စစ်တာမျိုးတော့မဟုတ်ဘူး။ သတင်းရတာတို့ ဖမ်းစရာရှိလာရင်တော့ စစ်တယ်” လို့ မရှီကထောင်ရပ်ကွက်မှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
ဥရုရတနာ ကျောက်စိမ်းတောင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကလည်း ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို တူးဘောက်ဖွင့်စစ်ကာ လက်ကိုင်ဖုန်းတွေကိုလည်း ဖွင့်ကြည့်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
” တံတားထိပ်မှာ စစ်နေတာတွေ့တယ်။ ဖုန်းတွေယူစစ်တယ် တူးဘောက်တွေစစ်တယ်။ မသင်္ကာဘူးဆို ထိုင်ခိုင်းထားတယ်တဲ့။ လာသမျှဆိုင်ကယ်ကိုစစ်တာ ၊ ရွှံ့ပေနေတဲ့ဆိုင်ကယ်တွေဆို ပိုစစ်တယ်” လို့ မြို့မရပ်ကွက်မှာနေထိုင်တဲ့ဒေသခံတစ်ဦးက Manau Voice ကိုပြောပါတယ်။
အလားတူ လုံးခင်းကျေးရွာရပ်ကွက်(၄)မှာလည်း မေလ ၆ ရက်နေ့က လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ
ပုံစာ – ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ မော်ဝမ်းရပ်ကွက် ၊ မြို့မ ကဖေးဆိုင်အပေါ် ကချင့်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ဒရုန်းကျရောက်ပေါက်ကွဲခဲ့ပုံ။
