စစ်ကောင်စီတပ်က ယင်းမာပင်မြို့နယ် မြောက်နုံးရွာကိုမီးရှို့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မတ်လ (၃) ရက်၊ ၂၀၂၃ ခုနှစ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မြောက်နုံးကျေးရွာကို မတ်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်လောက်မှာ  အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာကို မီးစတင်ရှို့နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မြောက်နုံးရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ကနေ စပြီး အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဘယ်တပ်ရင်း၊ တပ်စိပ်က ဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မြောက်နုံးကျေးရွာမှာ ညအိပ်တပ်စွဲ နေသေးတာကြောင့် ထိခိုက်မှု အခြေအနေနဲ့ နေအိမ်ဘယ်လောက် မီးလောင် ပျက်စီးသလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတလျှောက်မှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလို့ ဒေသခံတွေနဲ့တွေ့ရင် ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်တာတွေလုပ်နေတော့ ဒေသခံတွေလဲ ရွာမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆက် ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်း မှာ ဒေသခံ ၆ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ UNOCH ရဲ့ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ထိ စာရင်းတွေအရ သိရပါတယ်။

သတင်း – မေမီမင်းညို

ဓာတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေး