
ဩဂုတ်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ ည ၈ နာရီလောက်ကနေ ဩဂုတ်လ ၄ ရက်နေ့ နေ့လည်အထိ ဗောဓိကမ်းတံတားထိပ်၊ ခလရ (၅၆၁) တပ်ရင်းတွေကနေ ၆ မိုင်ရွာ၊ ဘန်လောရွာနဲ့ အနီးရှိကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အချက်ရေအမြောက်အမြား ပစ်ခတ်ခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ဦးကဆိုပါတယ်။
“ညဘက်ကနေစပစ်တာ မွန့်တည့်အထိဘဲ ဆက်တိုက်ပစ်တာ။ တိုက်ပွဲ ဖြစ်တာလည်းမရှိဘူး။ အချက်ရေ ၃၀ ကျော်တယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ၆ မိုင်ကျေးရွာက အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၊ ဘန်လောကျေးရွာက အမျိုးသားတစ်ဦး ပခုံးနဲ့ခြေထောက်မှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“လက်နက်ကြီးပစ်တဲ့အချိန် သူတို့က အိမ်မှာရှိနေကြတာ။ သူတို့ အိမ်အနားကို လက်နက်ကြီးကျတော့ ကျည်စစင်တာလေ။ အခုတော့ ဆေးကုသနေပေမဲ့ နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးဘူး” လို့သူကဆက်ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ၆ မိုင်ရွာက နေအိမ်၂ဆောင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်မှာ လူမရှိတာကြောင့် ထိခိုက်မှုမရှိဘူးလို့ တနင်္သာရီမြို့နယ်ထဲ စစ်ရှောင် အရေးကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။
“လက်နက်ကြီးကျတဲ့အချိန် အိမ်မှာလူမရှိလို့တော်သေးတယ်။ သူတို့ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေလို့ဆိုပြီး ရှောင်သွားကြတာ” လို့ သူကအခုလိုပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အခုလိုတိုက်ပွဲဖြစ်တာမရှိဘဲ ဖြစ်နေတော့ ပြည်သူတွေထိတယ်၊ နေအိမ်တွေပျက်စီးတာပေါ့။ သူတို့ကကျနော်တို့ကို ကြောက်လို့ ခြောက်ပစ် ပစ်နေတာလေ။ သွေးပျက်နေကြပြီ” လို့ သူကပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီအထိုင်တပ်တွေက ဘန်လော ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်လောရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သေးတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ်ထဲမှာ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ပစ်ခတ်တဲ့အချိန်တိုင်း လက်နက်ကြီးကျည်စထိမှန်တာနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက် ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း တနင်္သာရီတိုင်းထဲရှိ ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်လို့ ဒေသကာကွယ်ရေး တပ်တွေဆီကနေသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)