
နိုဝက်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ချောင်းနှစ်ခွရွာနဲ့ တောင်ကလေးကျေးရွာကြားကကျေးရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာလ (၁၀)ရက်နေ့မနက်အစောပိုင်းကနေ ဒီနေ့နိုဝင်ဘာလ(၁၁)ရက်နေ့ထိကို နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ တွေထံမှသိရပါတယ်။
နိုဝင်ဘာလ ၁၀ရက်နေ့ကချောင်းနှစ်ခွကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်ကပါMi(35)ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒီနေ့နိုဝင်ဘာလ(၁၁)ရက်နေ့မနက်ပိုင်းထိကိုလည်း ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေး ကျေးရွာကြားကရွာလမ်းပိုင်းမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေမှာရှောင်တိမ်း လို့မရပဲကျင်းပုန်းတွေထဲမှာသာနေထိုင်းနေကြတယ်လို့ ဒေသခံတွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“မနက်ထဲကတိုက်ပွဲဆက်ဖြစ်နေတယ် မပြီးသေးဘူး ထိခိုက်တာတွေတော့မသိရသေးဘူး ရွာသားတွေတော့အခုထိထွက်လို့မရသေးဘူးဒီနေ့လေယာဉ်လာတာတော့မကြားမိသေးဘူး တိုက်ပွဲကတော့ မနက်အာရုံတက်ကတည်းကစဖြစ်နေတာ”လို့သူကပြောပါတယ်။
ဒါ့အပြင်ညသန်းခေါင်အချိန်ကတည်းကနေ အခုမနက်(၉)နာရီဝန်းကျင်လောက်ထိကို တောင်ကလေးကျေးရွာကနေ အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ အလုံး(၃၀)ထပ်မနည်းရှိနေပြီဖြစ်တယ်လို့ တံခွန်တိုင်ကျေးရွာကဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“တောင်ကလေးပစ်နေကြတာအလုံးကြီးတွေတအားပဲ ဟောင်ဝစ်ဇာတွေကော အလုံး၃၀လောက်ရှိပြီ အခုထိချနေတုန်းပဲ မနေ့ကပစ်သံတွေကတော့ မုဒုံကပဲ မနေ့ကတော့ လေယာဉ်တွေလည်း လာချတာပေါ့” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာကြားကကျေးရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မုဒုံမြို့နယ် အဘစ်ရွာအခြေစိုက် အမြှောက်တပ်−(၃၁၈)တပ်ရင်းကနေပါ လက်နက်ကြီးပစ်ကူပေးနေတာ ဖြစ်တယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးကဆိုပါတယ်။
နိုဝင်ဘာလ (၁၀)ရက်နေ့က ချောင်းနှစ်ခွကျေးရွာက တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ကျောက်ကွဲကျေးရွာကနေအိမ်တစ်လုံးလက်နက်ကြီးကျည်မထိမှန်ထိခိုက်ပျက်စီးခဲ့ပြီးမုဒုံ-ချောင်းနှစ်ခွလမ်းပိုင်းကိုလည်း မော်တော်ယာဥ်ဖြတ်သန်းသွားလာတာမျိုးမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)