ကျောက်နီမော်ကျေးရွာဘက်ကို ရေလမ်းကလာတဲ့ တပ်သား ၃၀ ကျော်ပါ စစ်ကောင်စီတပ်လှေ ရေနစ်မြုပ်

ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာဘက်ကို ရေလမ်းကနေလာတဲ့ တပ်သား ၃၀ ကျော်ပါ စစ်ကောင်စီတပ်လှေတစ်စီး ထားဝယ်မြစ်ဝမှာ  နစ်မြုပ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့၊ ည ၆ နာရီလောက်မှာ ကြက်စားပြင်ရပ်ကွက်ဘက်ရှိ ဆိပ်ကမ်းကနေ လှေနှစ်စီးနဲ့ သကျက်တောနဲ့ ကျောက်နီမော်ရွာဘက်ကို စစ်ကောင်စီတပ်သားတွေဆင်းလာတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

“ဘာဖြစ်လည်းဆိုတော့ ၁၅ ရက်နေ့က ကြက်စားပြင်ကမ်းကနေ လှေမဲကြီးနှစ်စီးဆင်းလာတယ်။ သကျက်တောဘက်ကို တစ်စီး၊ ကျောက်နီမော်ဘက်ကိုတစ်စီးလာတာ” လို့သူကပြောပါတယ်။

ကျောက်နီမော်ဘက်ကို သွားတဲ့လှေတစ်စီးကတော့ ည ၇ နာရီဝန်းကျင်လောက်မှာ ကျောက်နီမော်ရွာ အနီးရှိ သဲမကျွန်းနဲ့ ရဘဲရွာကြားထဲက ထားဝယ်မြစ်အတွင်း နစ်မြုပ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြုပ်တာက ၇ နာရီလောက်မှာပေါ့။ ကျောက်နီမော်ရွာနားက သဲမကျွန်းနဲ့ ရေဘဲရွာကြားပါ” လို့ သူကဆက်ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတော့ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဘက်က လှေတွေ၊ ရေငုပ်တဲ့လူတွေနဲ့ ရှာဖွေနေပြီး နေ့လည်ပိုင်းမှာတော့ ကြက်စားပြင်ရပ်ကွက်ရှိ ဆိပ်ကမ်းကို စစ်ကောင်စီတပ်သားတွေရောက်ရှိလာကာ အောက်ဆီဂျင်ဗူးတွေနဲ့ ရေငုပ်ပြီးရှာဖွေနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“စစ်တပ်ဘက်ခြမ်းက လှေမြုပ်ပြီးတဲ့အချိန် ကျောက်နီမော်မှာဆို ချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ရှိတယ်။ သူတို့က ရွာထဲကလှေငယ်တွေယူပြီး ရေငုပ်သမားတွေကိုခေါ်ပြီး ထွက်ရှာခိုင်းတယ်။ အခုမွန်းတည့်မှာတော့ ကြက်စားပြင်ကမ်းနားကနေ စစ်တပ်က အောက်ဆီဂျင်ဗူး တွေနဲ့ ရေငုပ်ဝတ်စုံတွေနဲ့ လာရှာနေကြတယ်” လို့ သူကအခုလိုပြောပါတယ်။

ဒါ့အပြင် လှေနစ်မြုပ်သွားတာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီး၊ လက်နက်ငယ် တွေလည်း နစ်မြုပ်သွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့က သကျက်တောရွာဘက်ကို စက်လှေကမ်းကပ်ဝင်လာတဲ့  စစ်ကောင်စီ တပ်သားတွေက သကျက်တောရွာစာသင်ကျောင်းမှာ လက်ရှိတပ်စွဲထားပြီး ဇူလိုင်က ၁၇ရက်နေ့မှာ သကျက်တောရွာသားတစ်ဦးကို PDFလို့ စွပ်စွဲပြီး ဖမ်းသွားတယ်လို့ သကျက်တောရွာက ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

“၁၅ ရက်နေ့က ဆင်းလာတဲ့လှေတစ်စီးက အခုစာသင်ကျောင်းမှာ တပ်စွဲထားတယ်။ ဒီနေ့ လူတစ်ယောက်ကိုလည်း PDF လို့ ပြောပြီး ဖမ်းသွားကြတယ်” လို့ သူကပြောပါတယ်။

၂၀၂၃ ခုနစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ကနေ စစ်ကောင်စီတပ်တွေက လောင်းလုံမြို့နယ်အတွင်း စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ထောင်နဲ့ချီ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံသတင်း အရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – AFP

Phar Si Than (People’s Radio Myanmar)