စစ်ကောင်စီကလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဝါသောခိုကျေးရွာက နေအိမ်အလုံး ၃၀ ထိခိုက်ပျက်စီး

ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းရှိ ဝါသောခိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက နေအိမ် အလုံး ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်​ကနေစတင်ကာ ဝါသောခိုကျေးရွာကိုလေယာဥ်နဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃၀ ဝန်းကျင်ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“လေယာဥ်နဲ့ ၃ ခါပစ်တော့ အိမ် ၃၀ ကျော်ကျော်လောက်ပျက်စီးသွားတယ် ၉ နာရီကနေ ၁၀ နာရီထိ ၁ နာရီ ကျော်ကျော်လောက်လာဝဲသွားတယ် နောက်အဲ့ဒီမှာလည်း အပြန်အလှန်ပစ်ခတ်ကြတာ အကြီးအကျယ်ပဲ ရွာထဲတော့ပြန်မဝင်ရဲသေးဘူးအခုထိ ရွာသားတွေဆိုလည်း အိမ်မှာ တစ်ယောက်မှ မကပ်တော့ဘူး ရွာသူရွာသားတွေကျတော့ထိခိုက်တာတွေမရှိပါဘူး ​အပြန်အလှန်ပစ်တာတော့ ၈ နာရီ လောက်ကစပြီး နေ့လည်  ၁ နာရီလောက်ထိတိုက်ပွဲကကြာတယ် ဒီနေ့တော့ငြိမ်နေတယ်” လို့ သူကပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်မှ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအတွင်းကိုပစ်ခတ်တာ၊ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ  ပြင်ထန်းနေတာကြောင့် ယာဒို၊ ကလေထ၊ ပရယ်စို၊ ဝါသောခို စတဲ့ကျေးရွာ ၄ ရွာက ဒေသခံ ၂၂၀၀ ကျော်လောက်​ဟာ နီးစပ်ရာ တောတောင်တွေမှာ နေထိုင်နေရပြီး စာသောက်ရေးအတွက် ခက်ခဲလာတယ်လို့ သူကဆက်ပြောပါတယ်။

“ရွာတွေအကုန်လုံးကစစ်ရှောင်ကြီးပဲ ရှောင်နေတာတစ်ပတ်လောက်တော့ရှိပြီ ဟို့အရှေ့ အင်္ဂါနေ့ကတည်းက အဲ့ဒီမှာစဖြစ်တော့ ရွာသားတွေကအကုန်လုံးရှောင်ထားပြီးသား ကျောက်ကြား၊ တောထဲတွေမှာ တဲတွေထိုးပြီးတော့သွားနေနေကြတာလေ အစားအစာတွေကျတော့လည်း အခက်အခဲတွေရှိတာပေါ့ စားဝတ်နေရေး၊ ဆေး နောက်အဲ့ဒီကြားထဲမှာလည်း မီးဖွားတဲ့သူလဲရှိတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုလိုတိုက်ပွဲတွေ ​နေ့တိုင်းနီးပါးဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း စစ်အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေပြီး နောက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲအခြေနေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ Thaw Thi Kho ရဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။

ကရင်ပြည်နယ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဟာ သံတောင်မြို့တစ်ခုထဲမဟုတ်ပဲ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြားအင်းဆိပ်ကြီးမြို့နဲ့ ဖာပွန်မြို့ဘက်တွေမှာပါနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than(People’s Radio Myanmar)