ကော့ကရိတ်မြို့အနီးမှာ  ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်   ဒေသခံ ကလေးငယ်တစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းကျေးရွာနားမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ချောင်းတောင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးခြေထောက်ကို သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး ကော့ကရိတ်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ချောင်းတောင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

“မခင်လက်ဖက်ရည်ဆိုင်အနီး ချောင်းတောင်တံတားနားမှာနေတဲ့ မြအေးကလေး ခြေထောက်မှာ ထိတာ၊ ခလေးက ငယ်သေးတယ်၊ အခုဆေးရုံတင်ထားရတယ်၊ ကလေး ၃ ယောက်က မြအေးအိမ်အနောက်က ချောင်းကမ်းပါးနားမှာကစားနေတုန်း ထိတာ၊ ကျည်ဆံကို ခွဲထုတ်လိုက်ရတယ်” လို့ သူကပြောပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ တပ်နဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာ ကြောင့် ကော့ကရိတ်မြို့ထဲမှာ ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။

“မနေ့က ပစ်ကြတာအရမ်းဘဲ၊ လက်နက်ကြီးကော လက်နက်ငယ်ရော၊ နေ့လည် ၁ နာရီလောက်ကနေ စပစ်ကြတာ ၃ နာရီလောက်မှငြိမ်သွားတယ်၊ စကစတွေက မငြိမ်ဘူး၊ တောထဲကလူတွေက ပစ်ပြီး ပြန်သွားတာ၊ စကစတွေက မရပ်ဘူး ညအထိပစ်တာ၊ မြို့ထဲကို ကျတာတွေလည်းရှိတယ်၊ လူတွေတော့ မထိဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ဈေးလမ်းမကြီးနဲ့ ရဲစခန်းလမ်းမ တစ်လျှောက်မှာ လုံခြုံရေးကင်းပုန်းဝတ်တာတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)