ဘားအံမြို့မှာ တတိယအကြိမ် ရေကြီးရေလျှံမှုထပ်မံဖြစ်ပွား


_

By – People’s Radio Myanmar
Date – 26 August 2024

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေလည်းတိုးလာတာကြောင့် တတိယ အကြိမ် ရေကြီးရေလျှံမှုတွေထပ်မံဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သြဂုတ်လ ၂၅ ရက်ကစပြီး ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ် တဲ့ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်တွေမှာ ရေထပ်မံနစ်မြုပ်နေတယ်လို့ ဘားအံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူမက “မြစ်ရေတွေလည်းတက်နေတယ်။ မိုးလည်းရွာတယ်။ မိုးရွာတာတစ်ညလုံးပဲ။ အမှတ် ၂ ဘက်။ အုတ်ဖို မီးစက်အနောက်ဘက်မှာလေ။ အဲဒီနေရာတွေမှာ ရေမြုပ်နေတာ၊ ကန်သာယာဘက်တော့ ရေမ တက်သေးဘူး”လို့ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ မြစ်ရေက တဖြည်းဖြည်းချင်းသာမြင့်တက်လာနေတာကြောင့် အရင်လို ရပ်ကွက် အားလုံးနီးပါး ရေမနစ်တော့ပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေနစ်မြုပ်တာတွေဖြစ်နေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးကဆိုပါတယ်။

“အရင်တစ်ခေါက်ကလိုတော့မဟုတ်တော့ဘူး။ ရေအတက်နှေးတယ်။ အနိမ့်ပိုင်းတွေလောက်ပဲ။ ညက မိုး အရမ်းကြီးတော့ ရေတက်လာတာ။ ရေက နည်းနည်းချင်းချင်းတက်လာတာ၊ ဆယ်အိမ်စုဘက်တွေပေါ့” လို့ ဆိုပါတယ်။

သြဂုတ်လအစပိုင်းတုန်းကလည်း ဘားအံမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာ၊ မြစ်ရေတိုးတာတွေကြောင့် ၁၀ ရက်ကျော်ကြာတဲ့အထိ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ကရင်ပြည်နယ်မှာမိုးအဆက်မပြတ်ရွာသွန်းတာနဲ့ မြစ်ရေတိုးတာတွေကြောင့် မြ ဝတီ၊ ကျုံဒိုး၊ ဘားအံ၊ ကြာအင်းဆိပ်ကြီးနဲ့ ကမမောင်းမြို့တွေမှာ ရေနစ်မြုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပုံစာ – ရေနစ်မြုပ်ပြီးနောက်မြင်ကွင်းများ။ ပုံဟောင်း