ပယရွာက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း ချိတ်ပိတ်ကာ ဖြိုချဖျက်ဆီး

 ပယရွာက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း ချိတ်ပိတ်ကာ ဖြိုချဖျက်ဆီး

By− နော်အယ်နီး

Date- June 23, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာက ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း ချိတ်ပိတ်ကာ မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ပယရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၁၇ရက်နေ့မှာတော့ ပယရွာ၊ ရှားကုန်းရပ်ကွက်က ဒေသခံဇနီးမောင်နှံနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ အုန်းပင်ကွင်းရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ ရွာက စစ်ဆေးရေးဂိတ်မှာဘဲ့ လင်မယားနှစ်ယောက်စလုံးကို ထုရိုက်ပြီး စစ်နေတာ။ ပြီးတာနဲ့ မောရဝတီရေတပ်ထဲ ခေါ်သွားတယ်” လို့သူက အခုလိုပြောပါတယ်။ 

အဲ့ဒီနောက် ဇွန်လ ၁၉ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ အဖမ်းခံရသူဒေသခံနှစ်ဦးရဲ့ နေအိမ်ကို မြေတူးစက်နဲ့ ဖြိုချကာ ချိတ်ပိတ်သွားခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

“ အဲ့ဒီအိမ်က မိဘပိုင်အိမ်။ အိမ်ကို တခါတည်းချိတ်ပိတ်သွားတာ။ သူတို့နှစ်ယောက်ကိုလည်း PDFနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖမ်းတယ်ဆိုလားဘဲ့” လို့သူက ပြောပါတယ်။ 

ဒါ့အပြင် ဇွန်လ ၁၇ရက်နေ့က စစ်ကောင်စီတပ်တွေဟာ ခွေးမဖောရွာက သားဖနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၈ရက်နေ့မှာတော့ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ 

အခုလက်ရှိမှာတော့ အဲ့ဒီဇနီးမောင်နှံနှစ်ဦးကို မောရဝတီရေတပ်ဌာနချုပ်မှာဖမ်းဆီးထားပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုတော့ အသေးစိတ်မသိရသေးပါဘူး။ 

ပယရွာမှာ စစ်ကောင်စီတပ်တွေဟာ သတ္တုလုပ်ကွက်သစ်တွေကို လုံခြုံရေးယူပေးဖို့အတွက် ၂၀၂၃ခုနစ်ကတည်းက အခိုင်အမာတပ်စွဲထားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ 

ပြီးခဲ့တဲ့မေလက တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြကာ အရပ်သား ၁၃၇ဦးကို ဖမ်းဆီးပြီး ၆၇ဦးပြန်လွတ်ကာ ၁ဦးသေဆုံးခဲ့တယ်လို့ FE5 Thanintharyi ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ 

ပုံ− ပယရွာလမ်းတစ်နေရာ (Dawei Watch)

Leave a Reply

Your email address will not be published. Required fields are marked *