မိုးရာသီအစ ထားဝယ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးတဲ့ ကလေးငယ် ၃ဦးအထိ ရှိလာ

 မိုးရာသီအစ ထားဝယ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးတဲ့ ကလေးငယ် ၃ဦးအထိ ရှိလာ

By− နော်အယ်နီး

Date- May 29, 2025


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးတဲ့ ကလေးငယ် ၃ဦးအထိ ရှိလာပြီဖြစ်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

သွေးလွန်တုပ်ကွေးကြေင့် မေလ ၂၇ရက်နေ့ ညလောက်မှာ ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး မေလ ၂၀ရက်နေ့ကလည်း ကရပ်ပြင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်၆နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့တာ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။ 

“ ဆေးရုံမှာ ကလေးတွေသွေးလွန်တုပ်ကွေးဖြစ်ပြီး လာကုနေရတာများတယ်။ အခုဆို သွေးရှာပေးနေရတာကလည်း ဆက်တိုက်ဘဲ့။ ကလေးအရွယ်တွေ တော်တော်ဖြစ်များကြတယ်” လို့သူက အခုလိုပြောပါတယ်။ 

ဒါ့အပြင် မေလ ၉ရက်နေ့ကလည်း ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း တလိုင်းမရပ်ကွက်က အသက် ၆နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့သေးတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ 

“ အခုက မိုးရာသီအစဘဲ့ရှိသေးတာ။ သွေးလွန်တုပ်ကွေးက ပုံမှန်ဆို ဒီအချိန်လောက်မဖြစ်ပြီး ၆လပိုင်း၊ ၇လပိုင်းလောက် အများဆုံးဖြစ်ကြတာ။ အခုက မထင်မှတ်ထားတဲ့ နှုန်းနဲ့ ဖြစ်များနေကြတယ်” လို့သူက ပြောပါတယ်။ 

ထားဝယ်မြို့မှာ မေလအတွင်း သွေးလွန်တုပ်ကွေးဖြစ်တဲ့သူများပြားလာပြီး ထားဝယ်ဆေးရုံနဲ့ တခြားပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြရတယ်လို့ သိရပါတယ်။ 

အခုလို သွေးလွန်တုပ်ကွေးရောဂါအဖြစ်များလာတာကြောင့် ကျန်းမာရေးအဖွဲ့တွေနဲ့ ပရဟိတ အဖွဲ့တွေက ရပ်ကွက်အလိုက် ဆေးဖြန်းတာတွေကို လုပ်ဆောင်နေကြတယ်လို့ ပရဟိတအဖွဲ့ဆီကနေ သိရပါတယ်။ 

အခုလက်ရှိမှာတော့ ထားဝယ်ဆေးရုံကြီးမှာ အဖျားရောဂါနဲ့ ဆေးရုံတက်ပြီး သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာစောင့်ကြည့်ခံနေရသူ ၂၀နဲ့အထက် ရှိနေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *