ကညုံကျွန်းရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း ထပ်မံ တွေ့ရှိ

ကညုံကျွန်းရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း ထပ်မံ တွေ့ရှိ

By− နော်အယ်နီး

Date- June 30, 2025

 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

သေဆုံးနေတဲ့ အမျိုးသားမှာ အသက် ၄၇နှစ်အရွယ်ရှိ ကညုံကျွန်းရွာသား ဦးခင်မောင်ဝင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဇွန်လ ၂၇ရက်နေ့ မနက်ပိုင်းက ကညုံကျွန်းရွာရှိ လယ်ကွင်းထဲမှာ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးခင်မောင်ဝင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကညုံကျွန်းရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

 

“ စဝင်လာတဲ့နေ့ကတည်းက ပစ်သတ်ထားတာဖြစ်မယ်။ အလောင်းကိုတွေ့တော့ ပုပ်နေပြီ။ သူက နားမကြားရဘူး။ စစ်သားတွေက သူတို့ခေါ်တာကို မလာလို့ဘဲ့ ပစ်လိုက်တာလား မသိဘူး။ လယ်ထဲမှာ အလုပ်လုပ်နေတာဆိုတော့ သူ့နားကြားစက်ကလည်း အိမ်မှာထားခဲ့တယ် ထင်တယ်” လို့သူက အခုလိုပြောပါတယ်။

 

သေဆုံးသူ ဦးခင်မောင်ဝင်းဟာ အကြားအာရုံချို့တဲ့နေသူဖြစ်ပြီး သူ့ရဲ့အလောင်းကိုတော့ ဇွန်လ ၂၇ရက်နေ့မှာဘဲ သင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကညုံကျွန်းရွာထဲမှာ ဇွန်လ ၁၅ရက်နေ့ကနေ ဇွန်လ ၂၅ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ပါတယ်။

 

အဲ့ဒီနောက် စစ်တပ်စစ်ကြောင်းက ကညုံကျွန်းရွာကနေ ထွက်သွားပြီး သဗျာကျေးရွာအရောက်မှာ အသက် ၅၅နှစ်အရွယ်ရှိ ဦးလှဝင်းဆိုသူကို ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့သေးတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

 

“ ရွာကထွက်ပြီးတော့ သဗျာမှာ ခြံလုပ်နေတဲ့ လူတစ်ယောက်ကို ခေါ်ဖမ်းပြီး  သတ်လိုက်သေးတယ်။ အလောင်းကို ၂၇ရက်နေ့မှာဘဲ့ တွေ့တယ်” လို့သူက ပြောပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ ကညုံကျွန်းရွာဒေသခံ အသက် ၇၀ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ရွာထဲက နေအိမ်တွေမှာလည်း ဆိုင်ကယ်တွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

 

ဇွန်လ ၂၆ရက်နေ့ကလည်း စစ်တပ်က လည်လှီးသတ်ဖြတ်ထားတဲ့ ကညုံကျွန်းရွာသားတစ်ဦးရဲ့ အလောင်းကို စစ်ပြဲရွာနဲ့ ပြင်းထိန်ရွာကြားမှာ တွေ့ရှိခဲ့ပါသေးတယ်။

 

ပုံ− ဝမ်းဗိုက်သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုးသား(DDMSC)

Leave a Reply

Your email address will not be published. Required fields are marked *