ရေဖြူမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်သား၅ဦး လက်နက်နဲ့တကွအလင်းဝင်

 ရေဖြူမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်သား၅ဦး လက်နက်နဲ့တကွအလင်းဝင်


By−နော်အယ်နီး
Date- November 29, 2025

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရန်ကင်းကျေးရွာမှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်သား၅ဦး တော်လှန်ရေးတပ်ဖွဲ့ဆီ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့သူတွေကတော့ ရန်ကင်းတံတားရှိ ကာကင်းဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ ခလရ(၄၀၄)တပ်ရင်းက တပ်သားတွေဖြစ်တဲ့ ရဲလွင်မိုး၊ အောင်အောင်၊ ငြိမ်းချမ်းဇော်၊ အောင်ခန့်ဇော်နဲ့ သက်ထွန်းဝေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၇ရက်နေ့၊ မနက်ပိုင်းလောက်မှာ အဆိုပါတပ်သား ၅ဦးဟာ ကာကင်းဂိတ်စခန်းကနေ ထွက်ပြေးလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ချိတ်ဆက်ကာ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က ပြောပါတယ်။

“ သူတို့က သူတို့အစီအစဉ်နဲ့ ထွက်ပြေးလာတာ။ သူတို့အကုန်လုံးက ပေါ်တာဆွဲခံရတဲ့သူတွေဖြစ်တယ်။ သူတို့ကို သွားခေါ်တဲ့အချိန်မှာတော့ လမ်းမှာစောင့်ကြိုတယ်။ သူတို့အေးဆေးဘဲ့လာတယ်ဗျ” လို့သူကအခုလိုပြောပါတယ်။

အဲ့ဒီတပ်သား ၅ဦးဟာ အလင်းဝင်လာတဲ့အချိန် MA1 သေနတ် ၃လက်၊ MA2 သေနတ် ၁လက်၊ MA4 သေနတ် ၁လက်၊ ကျည်ဘောက် ၁၇ခု၊ အီနာဂါဗုံးသီး ၂လုံးနဲ့ ကျည် ၁၁၆၇တောင့်ကို ယူဆောင်လာခဲ့ပြီး တပ်သားတစ်ဦးကို ဆုငွေ ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ တပ်သား၅ဦးရဲ့ သဘောဆန္ဒအတိုင်း စစ်ကော်မရှင်တပ်နဲ့ လွတ်မြောက်ရာ နေရာမှာ အလုပ်လုပ်ကိုင်ဖို့တွက် တော်လှန်ရေးတပ်တွေဘက်က ချိတ်ဆက်ကူညီဆောင်ရွက်ပေးလိုက်ပြီဖြစ်တယ်လို့ ရဲဘော်ထက်မြတ်က ဆက်ပြောပါတယ်။

သူတို့ဟာ နေရပ်တွေမှာဘဲ့ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရပြီး စစ်မှုထမ်း အပတ်စဉ် ၅၊ ၈၊ ၁၁၊ ၁၄တို့ကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“ သူတို့ကတော့ သူတို့နေရပ်တွေကနေ စုဆောင်းခံရတာဖြစ်တယ်။ ခလရ (၄၀၄)မှာ တာဝန်ကျနေတာက တချို့ကလည်း နှစ်နဲ့ချီနေပြီ တချို့ကလည်း လပိုင်းဘဲ့ရှိတယ်” လို့ ရဲဘော်ထက်မြတ်က ပြောပြပါတယ်။

၂၀၂၅ခုနစ်အတွင်း ဗထူးတပ်မတော်ဆီကို စစ်ကော်မရှင်တပ်တွေဘက်က အလင်းဝင်ရောက်လာသူ ၁၇ဦး အထိရှိပြီဖြစ်တယ်လို့ တော်လှန်ရေးတပ်ရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ပုံ− စစ်မှုထမ်းစုဆောင်ခံရတဲ့တပ်သား၅ဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာပုံ

Leave a Reply

Your email address will not be published. Required fields are marked *