အချုပ်စောင့်က အမျိုးသမီးတဦးဖြစ်တဲ့ သူ့ကို ညဖက်မှာ လာဦးဆိုပြီး လှမ်းခေါ်လိုက်ပြီးနောက် သူ့လက်ကိုဆွဲကိုင်လိုက်ပါတယ်။ အဲ့ဒီနောက် ဘယ်သူမှမရှိဘူး၊ လက်ကလေးက ကိုင်လို့ကောင်းလိုက်တာ၊ အဖော်လာအိပ်ပေးရမလား၊ ငါက အစောင့်ဆိုတော့ လာအိပ်လို့ရတယ်လို့ပြောကာ သူနဲ့အတူနေရင် အဆင်ပြေမယ်၊ အခွင့်အရေးရမယ်ဆိုတဲ့ပုံစံမျိုး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ကျူးလွန်ခဲ့ပါတယ်။
“ငါ့ကို ဘာကောင်မမှတ်နေတာလဲ ၊ ဒီမှာတာဝန်ရှိတဲ့သူက ဘယ်သူလဲ၊ နင်တို့ ခွေးကျင့် ခွေးကြံ ကြံဖို့ကြိုးစားနေတာက”
ဒါက သူ့ရဲ့ အမျိုးသမီးတွေအပေါ် စော်ကားမှု၊ ဖိနှိပ်မှု ၊ ခွဲခြားဆက်ဆံတာကို လွန်စွာရွံ့မုန်းတဲ့ သူ့ရဲ့အော်ဟစ် ကြိမ်းမောင်းသံပါ။ ကျွန်မအော်လိုက်တော့ စခန်းမှုးရောက်လာပြီး လာတောင်းပန်တယ်၊ အဲ့ဒီအစောင့်ကိုလဲ ကင်းချိန်းလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
“အဲ့ဒီလူကို မကြောက်ဘူး၊ ရွံသွားတာ၊ စပြီးအဖမ်းခံကတည်းက သတ်ချင်လဲသတ်ပလိုက်၊ သေရင်လဲငါ့ကံ၊ ရှင်ရင်လဲငါ့ကံဆိုပြီး ရင်ထဲမှာထည့်ထားပြီးသား”
ဒီလို ခွဲခြား၊ စော်ကား၊ အပြစ်စကားတွေကို သူ့ဘဝမှာ တွေ့ကြုံခံစားခဲ့ရတာက ထောင်ထဲမှာတင်မှာ ပဲလားဆိုတော့ မဟုတ်ခဲ့ပါဘူး။
“အလံမရှိတဲ့ရထား ၊ တံခွန်မရှိတဲ့ဘုရား၊ လင်မရှိတဲ့မယား” မတင့်တယ်ဘူးဆိုပြီး မြန်မာ့လူ့ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ဖိနှိပ် ခွဲခြားဆက်ဆံခံနေရတာကတော့ အမျိုးသမီးတွေထဲက အမျိုးသမီးတွေဖြစ်ကြတဲ့ Single Mom ( စင်ဂယ်မား ) ခေါ် တကိုယ်တော်မိခင်တွေပဲဖြစ်ပါတယ်။ ဒီလို ခွဲခြားဆက်ဆံတဲ့သူတွေအထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးအချင်းချင်းလဲ ပါဝင်ခဲ့ကြပါတယ်။ ဒီလို တကိုယ်တော်အမျိုးသမီးတွေ အတွက် အစိုးရအနေနဲ့လဲ တိကျတဲ့ဥပဒေနဲ့ ကာကွယ်ပေးထားတာမျိုးလဲ မရှိပါဘူး။
“ယောက်ျားသေသွားတဲ့မုဆိုးမဆိုရင် လူတွေက ရိုသေလေးစားသေးတယ်။ တခုလပ်ဆိုရင် လူတွေ နောက်ဆက်တွဲ တွေးပစ်လိုက်တဲ့ အရာတွေက အကုန်ဆိုးဆိုးဝါးဝါးတွေ”
“ခွဲခြားတာက အမျိုးသမီးအချင်းချင်းလဲ လုပ်ကြတယ်။ မတူသလို မတန်သလို၊ စာရိတ္တပျက်ပြားနေလို့၊ အကျင့်မကောင်းလို့ အဲ့လိုတွေထင်ကြတယ်”
ဒီလို ပြစ်တင်ဒေါသောလေးနဲ့ ပြောလာခဲ့သူက ငယ်ရွယ်နုနယ်စဉ် အသက် ၂၃ နှစ်အရွယ်မှာပဲ အမျိုးသားနဲ့ အိမ်ထောင်ပြတ်စဲခဲ့တဲ့ ‘မခင်’ ဆိုသူပါ။ အခုအချိန်မှာတော့ ‘မခင်’ က အသားခပ်ဖြူဖြူ၊ အရပ် ၅ ပေ ၃ လက်မခန့် ခန္ဓာကိုယ်ခပ်ပြည့်ပြည့် ၊ ကုတ်ထောက်ဆံပင်ခပ်ပါးပါး၊ စပန့်ဂါဝန်ဖားဖားကို မကြခဏဝတ်ဆင်တတ်ပြီး အမြဲပြုံးရွှင်နေတဲ့မျက်နှာနဲ့ ခါးသီးမှုတွေကို ဟာသသဖွယ်ပြန်ပြောပြနိုင်စွမ်း ရှိနေပြီဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီးတဦး ဖြစ်လို့နေပါပြီ။
“ကိုယ့်နယ်ဖက် အလှူပွဲတွေ၊ လူစုလူဝေးကြားသွားရင် သူတို့မျက်လုံးတွေ အမူအယာတွေက ဖယ်ကျဉ်သလို ခံစားရတယ်။ နေရာဒေသအလိုက် သိသိသာသာလေးအလှပြင်လိုက်ရင် သူတို့လဲအလှပြင်ပေမယ့် ဟိုမှာ ကောင်မ လင်ရှာလာပြီ ၊ နောက်ယောက်ျားလိုချင်လို့ အလှပြင်တာလို့ ပြောကြတယ်”
သူဟာ တခုလပ်ဆိုတဲ့ဂုဏ်ပုဒ်ကို ရင်ဆိုင်ဖြတ်သန်းဖို့ လွယ်ကူတဲ့ဘဝရရှိခဲ့သူတော့ မဟုတ်ပါဘူး။ သူ့မှာ အမျိုးသားနဲ့ လမ်းခွဲကွာရှင်းခဲ့ပေမယ့် ၂ နှစ်ခွဲအရွယ် ရင်ဝယ်ပိုက် သမီးလေးတယောက် ကျန်ရှိလို့နေ ခဲ့ပါတယ်။ ဒီ့အပြင် ညီအစ်မနှစ်ယောက်ထဲသာရှိပြီး အကြီးဆုံးသမီးလဲဖြစ်တာကြောင့် အသက်အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ မိခင် ဖခင်ကတဖက် လူမမယ်သမီးလေးကတဖက်နဲ့ အိမ်ထောင့်တာဝန်တွေက ‘မခင်’ ခေါင်းပေါ် စုပြုံ ကျရောက်လို့ လာခဲ့ပါပြီ။ လင်သားမရှိ တခုလပ်ဆိုတဲ့ တကိုယ်တော်မိခင်ဘဝကို ခံယူခဲ့တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိမ်ထောင်ဦးစီးတယောက် ဖြစ်မှန်းမသိ ဖြစ်သွားရပါတယ်။
“ကျွန်မ အသေးစိတ်တော့ ပြန်မပြောချင်တော့ဘူး၊ သူနဲ့ကျွန်မ အိမ်ထောင်ကျစကတော့ ငယ်ရွယ်တဲ့စိတ်နဲ့ ကိုယ်ချစ်တဲ့သူနဲ့အတူနေရရင် ပျော်မယ်ထင်ခဲ့တာပေါ့၊ ဒါပေမယ့် ရက်ကနေ နှစ်ပြောင်းလာတော့ သူ့စရိုက်တွေက မတူလာတော့ဘူး၊ အသောက်အစားနဲ့ဆိုတော့ ကျွန်မမိဘတွေက သူ့အိမ်မှာပဲ ကျွန်မကိုလိုက်နေခိုင်းလိုက်တော့တယ်၊ အဆင်မပြေရင် ပြန်လာပေါ့၊ သူ့အိမ်ရောက်တော့ အိမ်တွင်းအကြမ်းဖက်မှုတွေပါလာတော့တာပဲ”
ဒီလို အဖိနှိပ်ခံဘဝနဲ့ ဆက်ပြီးအသက်မရှင်နိုင်တာကြောင့် အမျိုးသားနဲ့ ကွာရှင်းဖို့ ‘မခင်’ အိမ်နဲ့ တိုင်ပင်ရပါတော့တယ်။ မိဘတွေကလဲ သူတို့ကိုယ်တိုင်သဘောတူပြီး ပေးစားခဲ့တာမဟုတ်တော့ သူ့ကိုပဲဆုံး ဖြတ်ခိုင်းခဲ့ပါတယ်။ သူနဲ့လမ်းခွဲပြီးရင်တော့ ‘ဒီမှာတော့ဆက်မနေနဲ့၊ တနေရာရာမှာအလုပ်ထွက်လုပ်၊ ကလေးကိုတော့သူတို့ကြည့်ပေးမယ်’ လို့ ‘မခင်’ မိဘတွေက ပြောခဲ့ပါတယ်။ ဒါကြောင့် သူက သူ့အမျိုးသားနဲ့ လမ်းခွဲပြတ်စဲလိုက်ပါတယ်။
“ကျွန်မယောက်ျားရဲ့မိဘတွေက သူ့သားနဲ့ကွာရှင်းတာ ဒီကောင်မ နောက်လင်လိုချင်လို့ ဆိုပြီးကျွန်မကို ဝိုင်းပြောကြတယ်၊ ဒီစကားတွေချေဖျက်ဖို့ ကျွန်မ ဘယ်တော့မှ နောက်အိမ်ထောင် ပြုမှာမဟုတ်ဘူး”
အဲ့ဒီနောက် မိသားစုတာဝန်ကိုကျေပွန်ဖို့ နေထိုင်ရာနယ်မြို့လေးကနေစွန့်ခွါပြီး ရန်ကုန်မြို့ကို တက်ရောက်ကာ အထည်ချုပ်စက်ရုံမှာ အထည်အချုပ်သမအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သို့ပေမယ့် မတရားမှုကို မခံလို၊ ဖိနှိပ်မှုကို တွန်းလှန်ချင်တာကြောင့် တကိုယ်တော်မိခင်ဘဝကို ကျေကျေနပ်နပ်ခံယူခဲ့တဲ့ ‘မခင်’ အတွက် အထည်ချုပ်စက်ရုံမှာ အမျိုးသမီးနဲ့ အလုပ်သမားတွေအပေါ်က မတရားမှုတွေကို မျက်ကွယ်ပြု မနေနိုင်ခဲ့ပါဘူး။
“အထည်ချုပ်တွေမှာ စူပါ (စက်တန်းကြီးကြပ်ရေးမှုး )တွေ ၊ လီဒါ (စက်တန်းခေါင်းဆောင်)တွေက အမျိုးသမီးတွေချည်းပဲရှိနေတဲ့နေရာမှာ “ဖာသည်မ၊” “နင်တို့စောက်လုံးတွေက ကန်းနေလား” စသဖြင့် ကြမ်းကြုတ်ရိုင်းစိုင်းတဲ့စကားလုံးတွေ မတရားသုံးကြတယ်။ အမျိုးသမီးတွေအပေါ် အဲ့လို စကားလုံးတွေ သုံးရင် ကျွန်မကလက်မခံဘူး”
ဒီလိုဖိနှိပ်ဆက်ဆံမှုတွေက ‘မခင်’ တယောက် အလုပ်သမားအခွင့်အရေးကို ကာကွယ်၊ တောင်းဆိုဖို့အတွက် အလုပ်သမားခေါင်းဆောင်ဖြစ်ဖို့ အကြောင်းတရားတခုဖြစ်လာခဲ့ပါတယ်။
သူအလုပ်သမားခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အထည်ချုပ်စက်ရုံမှာ လိုင်း ၁၄ လိုင်းနဲ့ လူပေါင်း တစ်ထောင့်နှစ်ရာခန့် ရှိပြီး အလုပ်သမား ခေါင်းဆောင် ၇ ယောက်ရှိတယ်လို့ မခင်က ပြန်ပြောင်းပြောပြပါတယ်။
အလုပ်သမားခေါင်းဆောင်အဖြစ် ရွေးချယ်ကြတဲ့နေရာမှာ မဲပေးစနစ်နဲ့ ရွေးချယ်လေ့ရှိပြီး ရွေးချယ်ခံလိုက်ရတဲ့ ခေါင်းဆောင်တွေက အလုပ်သမားအားလုံးရဲ့ အသံ၊ အားလုံးရဲ့ ကိုယ်စားဖြစ်နေဖို့လိုတာကြောင့် အလုပ်သမား တွေ ကိုယ်တိုင် ရွေးချယ်လေ့ရှိပါတယ်။
ဒီလို အလုပ်သမားခေါင်းဆောင်၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဖြစ်ဖို့အတွက် လုပ်ရမယ့် ကိစ္စလေးတွေကလဲ ရှိနေပြန်ပါသေးတယ်။ ပထမဆုံးအနေနဲ့ စည်းရုံးရေးခေါင်းဆောင်တာဝန်အရင်ယူရပါတယ်။ အဲ့ဒီနောက် အလုပ်သမား သမဂ္ဂရဲ့ သဘောထားတွေကို တဦးချင်းစီ ရှင်းပြ စည်းရုံးရပါတယ်။ အဲ့ဒီလိုစည်းရုံးနိုင်ပြီး သမဂ္ဂ အဖွဲ့ဝင်များလာပြီဆိုမှ အလုပ်သမားခေါင်းဆောင်အဖြစ် ဝင်ရောက်အရွေးချယ်ခံခွင့် ရရှိတာဖြစ်ပါတယ်။
“စက်ရုံမှာ လူဦးရေ ထောင့်နှစ်ရာလောက်ရှိတဲ့အထဲမှာ သမဂ္ဂအဖွဲ့ဝင် ၈ ရာကျော်လောက်ဖြစ်ခဲ့တော့ အာဏာမသိမ်းခင်မှာ အတော်လေးကိုအားကောင်းတဲ့ သမဂ္ဂဖြစ်ခဲ့တာပေါ့” လို့ အားရတက်ကြွတဲ့အသံနဲ့ ‘မခင်’ က အတိတ်ကို ပြန်လှန်ပြောပြခဲ့ပါတယ်။
အလုပ်သမားတွေဖိနှိပ်ခံရမှုကို လက်မခံနိုင်တဲ့အတွက် အလုပ်သမားခေါင်းဆောင်အဖြစ် တာဝန်ယူဆောင် ရွက်ခဲ့ပေမယ့် တာဝန်ကတော့ မသေးလှပါဘူး။ အလုပ်သမားအရေးတဖက် မိမိအလုပ်ကတဖက်နဲ့ နှစ်ယောက်စာကို တပြိုင်တည်းလုပ်ကိုင်ခဲ့ရပါတယ်။ အလုပ်သမားတွေရဲ့ ပြဿနာဖြေရှင်းနေချိန် ကိုယ့်နေရာမှာအထည်တွေပုံနေလို့ ကိုယ့်ရဲ့စူပါကပြောရင် “ငါလုပ်ပေးမယ်”ဆိုပြီး သူများတယောက်စာဆို ကိုယ်ကနှစ်ယောက်စာလုပ်ရတယ်လို့သူက ပြောပါတယ်။
“ကိုယ်က အိမ်ကို မောပြီးပြန်လာရင် ဘယ်သူနဲ့မှစကားမပြောချင်တော့ဘူး။ အိမ်ကလူတွေက နင်က အလုပ်ထဲမှာဆိုရင်ကောင်းတယ်၊ အိမ်ကလူတွေကိုကျ ရန်သူလိုပဲလို့ ပြောလာကြတယ်”
အထည်ချုပ်စက်ရုံတွေမှာ အထည်ချုပ်သမတွေက မြန်မာအမျိုးသမီးတွေဖြစ်ကြပါတယ်။ စက်ရုံရဲ့ စက်ပြင်ဆရာ ၊ နည်းပညာပိုင်းဆိုင်ရာဆရာတွေအများစုကတော့ တရုတ်လူမျိုးတွေဖြစ်ကြပြီး စက်ရုံအခေါ်အရ ‘ဆရာ’ လို့ပဲ သိုင်းခြုံခေါ်ဆိုကြပါတယ်။ ဒီလို အခြားနိုင်ငံက ဆရာတွေက ညဆိုင်းဆင်းတဲ့ စက်ချုပ်သမအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေ ကျူးလွန်မှုတွေရှိခဲ့တာကြောင့် အလုပ်သမား သမဂ္ဂကနေ တာဝန်ယူဖြေရှင်းခဲ့ရတာတွေ ရှိခဲ့တယ်လို့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့တဲ့ ‘မခင်’ က အခုလို ပြောပါတယ်။
“တရုတ်နိုင်ငံသားက ညဆိုင်းဆင်းတဲ့အချိန်တွေမှာ တရုတ်ဆရာတွေက ရမလားဆိုပြီး ထိကပါး၊ ရိကပါးနဲ့ ဆွဲလား ရမ်းလားလုပ်တာကို အလုပ်သမားခေါင်းဆောင်တွေကို ပြောတော့ ခေါင်းဆောင်တွေက လှုံ့ဆော်မှု ( ကမ်းပိန်း ) တွေလုပ်ပြီး သူ့ကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပေါ့”
အလုပ်သမားသမဂ္ဂရဲ့ ဖိအားပေးလှုံ့ဆော်မှုကြောင့် ကျူးလွန်တဲ့ တရုတ်နိုင်ငံသားကို နောက်ထပ် ဒီလိုဖြစ်ရပ်မျိုး ထပ်မံမလုပ်ဆောင်ဖို့ ခံဝန်ကတိထိုးခိုင်းပြီး နေရပ်တရုတ်နိုင်ငံကို ပြန်ပို့လိုက်တယ်လို့ ‘မခင်’က ဆက်ပြောပါတယ်။
ဒီလို လူ့အခွင့်အရေးကို တောင်းဆိုလို့ရအောင် ကြိုးစားခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီက မဲစာရင်းလိမ်ပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားအစိုးရကို အာဏာသိမ်းလိုက်တဲ့အခါမှာတော့ ‘မခင်’ လေးစား တန်ဘိုးထားခဲ့ရတဲ့ အခွင့်အရေးတွေက ရေငွေ့သဖွယ် လွင့်ပျံသွားခဲ့ရပါတယ်။ ဒါ့ကြောင့် မတရားမှုကို အတွင်းစိတ်ထဲကပင် ရွံ့ရှာမုန်းတီးတဲ့ ‘မခင်’ အဖို့ စစ်ကောင်စီကို အကြမ်းမဖက်တော်လှန်ဖို့လမ်းကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
“အာဏာသိမ်းတဲ့နေ့မှာပဲ ဖုန်းလိုင်းတွေမမိတော့ အဖွဲ့ချုပ်ကနေပြီး အလုပ်သမားခေါင်းဆောင်တွေကို ခေါ်တယ်။ စက်ဘီးနဲ့ စက်ရုံတွေကို လူလိုက်စုတယ်။ ဒီအရွေ့မှာ ဘယ်လိုပါကြမလဲဆိုပြီးတော့ ၁ ရက်နေ့ကတည်းက တခြားအလုပ်သမားအဖွဲ့အစည်းတွေနဲ့ အစည်းအဝေးထိုင်တယ်။ ၆ ရက်နေ့မှာစထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”
‘မခင်’ တို့အလုပ်သမားသမဂ္ဂက အာဏာသိမ်းမှုကို အကြမ်းမဖက်တော်လှန်ဖို့ထွက်လာခဲ့ကြတဲ့ သပိတ်စစ်ကြောင်းကြီးဟာ သပိတ်စစ်ကြောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး လူပေါင်း ၄ ထောင်လောက် ပါဝင်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။
“အာဏာမသိမ်းခင်ကတော့ အလုပ်သမားအခွင့်အရေးက အပြည့်အဝနီးပါး တောင်းဆိုလို့ရတယ်၊ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အလုပ်သမားအခွင့်အရေးက ၉၉ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတယ်”လို့ သူက သူ့အတွေ့အကြုံအရ ပြောပြပါတယ်။
ဒီအချိန်မှာ ‘မခင်’က ခါလယ်အရွယ်မှာခွဲခွါခဲ့ရတဲ့သမီးလေးကို ပညာရေးအတွက် သူ့အနားခေါ်ထားတာ မကြာသေးပါဘူး။ သို့သော် မခင်ရဲ့ လူမမယ်သမီးလေးကနေ အပျိုဖားဖား ဆယ်ကျော်သက် အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ သမီးလေးနဲ့ အချိန်ကြာကြာနေချင်တဲ့စိတ်ကူးကတော့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ ပြိုပျက်ခဲ့ရပြန်ပါတယ်။
‘မခင်’ တရားရုံးမှာ အမှုသုံးမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရပါပြီ။ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ(၁၂၄) ၊ မတရားသင်း ပုဒ်မ ( ၁၇ )၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ (က)) စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ သူချစ်ရတဲ့သမီးလေးကို သူ့ညီမနဲ့အတူနေဖို့ အပ်ထားခဲ့ရပါတယ်။
“အချုပ်ကနေ ထောင်ကိုသွားပို့တဲ့ရက်ဆိုရင် ငါးထိပ်ရဲစခန်း (ရန်ကုန်မြို့ ၊လှိုင်သာယာ ရပ်ကွက် (၅) ရဲစခန်း) ကနေ အင်းစိန်ထောင်အထိသွားတော့ လမ်းမှာ အချိန်နည်းနည်းရတဲ့အခါ သမီးကို တွေ့များတွေ့မလားဆိုပြီး ရှာကြည့်မိတာပေါ”လို့ မချိတင်ကဲအသံကို ရယ်သံနှောပြီးပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ရယ်သံဟာ ပီပြင်မ နေပါဘူး။
“ထောင်ထဲကို ဝင်လိုက်တဲ့အခါ ထောင်ဗူးဝကနေ ထောင်ထိရောက်ဖို့ မိနစ် ၂၀ နီးပါးလမ်းလျှောက်ရတယ်၊ ရန်ကုန်မြို့ထဲမှာပဲဆိုပေမယ့် တခြားကမ္ဘာတခုဆီကို ရောက်သွားသလိုခံစားရတယ်။
အင်းစိန်ထောင်ရဲ့ ဗူးဝကနေ ထောင်တွင်းအထိ ကားနှစ်စီးယှဉ်မောင်းနိုင်တဲ့အကျယ်နဲ့ ကွန်ကရစ်လမ်းမကြီးရှိပါတယ်။ လမ်းတလျှောက်ဝဲ ယာ မှာတော့ ပါဆယ်ပို့တဲ့အဆောင်၊ ရုံးထုတ်တဲ့အခါ နားနေဆောင်တို့ရှိတယ်လို့ သူကပြောပြပါတယ်။ထောင်ထဲကို ရောက်သွားပြီးတဲ့အခါမှာတော့ ‘မခင်’ သမီးအတွက် တွေးပူရပြန်ပါပြီ။
“သမီးနဲ့ ငါဘယ်တော့များ ပြန်တွေ့ရပါ့မလဲ၊ တွေ့တောင်တွေ့ရပါ့မလား။ ကိုယ်ဝင်သွားတဲ့အချိန်မှာတောင် အသက် ၂၀ နီးပါးဖြစ်နေပြီဆိုတော့ အိမ်ထောင်တွေ ဘာတွေများကျနေမှာလား ဆိုပြီး စိုးရိမ်ခဲ့ရတယ်”
‘မခင်’ ရဲ့ စိုးရိမ်မှုတွေက အခုလိုပြန်ပြောပြနေတဲ့အချိန်အထိရှိ အသက်ဝင်နေသေးကြောင်း အဖျားခတ် တုန်ခါပြီး တိမ်ဝင်သွားတဲ့ အသံလေးတွေက ဖော်ပြလို့နေပါတယ်။
သူက မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် တော်လှန်လိုစိတ်က ကုန်ခမ်းမသွားပါဘူး။ ထောင်တွင်းမှာ ဖိနှိပ်ဆက်ဆံမှုတွေရှိနေတာကြောင့် တန်းစီးနေရာယူပြီး အမျိုးသမီးထောင်သားတွေကို စည်းရုံးကူညီ ကာကွယ်ခဲ့ပါသေးတယ်။
“ထောင်ထဲစဝင်တဲ့နေ့က အထဲမပို့ခင် အဝမှာတန်းစီထိုင်ခိုင်းတော့ ရေတွေရှိနေလို့ ကမူလေးပေါ်တက်ထိုင် လိုက်တာကို အကျဉ်းသားက အဲ့လိုထိုင်လို့မရဘူး၊ အောက်မှာဆင်းထိုင်၊ ရေပဲရှိရှိ၊ မြွေပဲရှိရှိတဲ့၊ အဲ့လိုပြောတော့ စိတ်ထဲမှာ ဖျဉ်းကနဲ ဖြစ်သွားတယ်”
လူတိုင်းမရောက်နိုင်၊ ရောက်ဖို့လဲ မသင့်တော်တဲ့ နေရာမှာချိုးဖောက်မှုတွေရှိနေတာကို ငါတို့မှမဖော်ထုတ်ရင် ဘယ်သူကဖော်ထုတ်မလဲဆိုတဲ့စိတ်က တခါတည်းဝင်လာတယ်လို့ သူက ဆက်ပြောပြပါတယ်။ သို့ပေမယ့် ထောင်တွင်းနေထိုင်ရတဲ့ဘဝက ခက်ခဲဆင်းရဲ ပင်ပန်းလွန်းလှပါတယ်။
“အစားအသောက်က မစားနိုင်ဘူး၊ ထမင်းကလဲ ပစ်ပေါက်ရင် ခေါင်းတောင်ကွဲနိုင်တယ်၊ ဟင်းကလဲ ရေဗြုံး ဟင်းချက်ထားတာက ရွံစရာကြီးကွယ်၊ အဲ့ဒီအခါ ကျွန်မငိုတယ်”
“ကျွန်မငိုတော့ ထောင့်တသက် လွတ်ရက်မရှိချခံထားရတဲ့ ညီမလေးနှစ်ယောက်က ၊ စားပါအစ်မရယ် ၊ အစ်မထမင်းမစားရင် အသက်ရှင်နိုင်မှာမဟုတ်ဘူး၊ အသက်မရှင်နိုင်ရင်ဒီထဲမှာ သေသွားလိမ့်မယ်၊ သေသွားရင် ညီမတို့အတွက် ဘာမှလုပ်ပေးနိုင်တော့မှာဟုတ်ဘူး၊ အစ်မကိုယ့်အတွက်ထမင်းမစားရင်တောင် ညီမတို့အတွက်စားပေးပါ”လို့ ပြောလာတော့ ကျွန်မက ဒီညီမလေးတွေကြောင့် “ငါသူတို့အတွက် အသက်ရှင်ရမယ်”လို့တွေးပြီး ကြိုက်ကြိုက်မကြိုက်ကြိုက် ထမင်းကို စားလိုက်တယ် လို့ ‘မခင်’ က ဆက်ပြောပါတယ်။
“မိသားစု တစုနေလောက်တဲ့အခန်းကို ထောင်သား ၂၅ ယောက်နေရတယ်၊ တယောက်ကို ဖယောင်းပုဆိုး တကိုက်စာပဲရတော့ အိပ်ရင်ပက်လက် အိပ်လို့မရဘူး၊ ဘေးတစောင်းအိပ်မှရတယ်”
ထောင်ထဲမှာ အနေကြာလာနဲ့အမျှ ဦးခေါင်းမှာ အရေပြားမှိုစွဲတဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ ဒီလိုခံစားခဲ့ရတာကတော့ ‘မခင်’ တယောက်တည်းမဟုတ်ပါဘူး။ ထောင်တွင်းအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်၊ ဦးခေါင်း စတဲ့နေရာတွေမှာ အရေပြားရောဂါ ခံစားကြရတာပါ။
“ခေါင်းဆို အမြဲကုတ်နေရတာ၊ ထောင်ထဲမှာနေရတာကြာတော့ ခေါင်းမှာအနာတွေဖြစ်လာပြီး အစေးတွေထွက်လာတယ်၊ ဒီရေကြောင့်မို့ ၊ကိုယ်တယောက်တည်းလားဆိုတော့ မဟုတ်ဘူး၊ အားလုံးမှာ ယားနာတွေပေါက်လာတယ်”
ထောင်ကျချိန်မှာ ထောင်ဝါဒါတွေကတော့ အမျိုးသမီးတွေကို ခန့်ထားလေ့ရှိပါတယ်။ သို့သော် ‘မခင်’စတင်ဖမ်းခံရချိန်နဲ့ စစ်ဆေးမေးမြန်းချိန်တွေမှာ ရဲမေတယောက်မှမပါခဲ့ဘူးလို့ ပြောပါတယ်။
“အမျိုးသမီးအခွင့်အရေးဆိုတာ အာဏာမသိမ်းခင်ကတောင် အားမကောင်းခဲ့ဘူး၊ အာဏာသိမ်းပြီးတော့ ပိုဆိုးသွားတာပေါ့၊ ဒီကောင်တွေကလဲ အမျိုးသမီးအခွင့်အရေးဆိုတာ ဘာမှန်းမသိပါဘူး”
ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ‘မခင်’ အပါအဝင် ၇၀ ကျော်ရှိပြီး တခြားဆေးမှု၊ ခိုးမှုနဲ့ ထောင်ကျတဲ့သူတွေလဲ ရှိပါတယ်။ သူက ထောင်ကျနေပေမယ့် အပြင်မှာကျန်ခဲ့တဲ့ သမီးလေးကိုတော့ မေ့နိုင်စွမ်း မရှိခဲ့ပါဘူး။ ထောင်မကျခင်က နေ့လည်အလုပ်သွားပေမယ့် ညအိပ်ကာနီးတိုင်း သူ့ရဲ့ စင်ဂယ်မားတယောက်ရဲ့ဘဝခက်ခဲတာ၊ အနိုင်မခံ အရှုံးမပေးဘဲ ဘဝကိုဖြတ်သန်းတာ၊ အမျိုးသမီးဖြစ်ပေမယ့် ဖိနှိပ်ခံမှုကိုမုန်းတာ စတဲ့ စကားတွေကို သူ့သမီးနဲ့ ညတိုင်း နာရီဝက်အကြာပြောဖြစ်တယ်လို့ သူကပြောပါတယ်။
“သတိရတဲ့ချိန်တော့ အတူတူရှိနေခဲ့တဲ့ အချိန်လေးကိုပြန်တွေးပြီးဖြေသိမ့်လိုက်တယ်၊ ပြီးတော့ အထဲမှာရောက်နေတဲ့ ကိုယ့်သမီးနဲ့ရွယ်တူကလေးတွေကို ကိုယ့်သား သမီးလိုသဘောထားပြုစုပေးရင်း ဖြတ်သန်းလိုက်တယ်”
ထောင်ထဲမှာကလဲ ထောင်သားအမျိုးသမီးအချင်းချင်း ဖိနှိပ်အနိုင်ကျင့်တာတွေ ရှိနေပြန်ပါတယ်။ ထောင်ဝါဒါတွေက ‘မခင်’ မရောက်ခင်မှာ တန်းစီးနေရာမှာ ဆေးမှုနဲ့ကျနေတဲ့ နှစ်ကြီးသမားကိုပေးပြီး အချင်းချင်းမလှန်နိုင်အောင်ဖိနှိပ်ထားတာကို ကြုံနေကြရပါတယ်။
“ဆေးမှုနဲ့ကျပြီး တန်းစီးလုပ်နေတဲ့ နှစ်ကြီးသမားက တခြားအမျိုးသမီးငယ်လေးတွေကို အင်္ကျီချွတ်ခိုင်းတယ်၊ နောက်တော့ ရင်သားက ဘယ်လောက်ဆိုဒ်၊ တင်သားက ဘယ်လောက်ဆိုဒ်ဆိုပြီး အခွင့်အရေးချိုး ဖောက်တာတွေရှိတယ်၊ ကျွန်မရောက်တော့ ကျွန်မက တန်းစီးနေရာယူလိုက်တော့ အဲ့လို မကြုံခဲ့ရဘူး”
ကံကောင်းအားလျော်စွာပဲ ‘မခင်’ က အဖွဲ့အစည်းရဲ့ကူညီထောက်ပံ့မှုနဲ့ လွတ်ငြိမ်းနဲ့အတူ ထောင်ကျပြီး သုံးလအကြာမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ထောင်ကနေလွတ်မြောက်လာခဲ့ပေမယ့် ကိုယ်ယုံကြည်ရာ ကို အခြေအနေပေးတိုင်း လုပ်ကိုင်နေတဲ့သူ့ကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်ကနေ နှစ်ကြိမ်တိတိ ဖမ်းဖို့လှုံ့ဆော်ခံလိုက်ရတဲ့ အခါမှာတော့ ပြည်တွင်းမှာနေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ၂၀၂၂ ခုနှစ်အလယ်လောက်မှာပဲ သမီးကို မိဘနှစ်ပါးနဲ့ထားပြီး မြန်မာပြည်နယ်စပ်တခုဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီတကြိမ်မှာလဲ သူ့သမီးနဲ့ ထပ်မံခွဲခွါရဖို့ အခြေအနေ ဖြစ်လာပါတယ်။
‘မခင်’ ပြည်ပရောက်ပြီး ၂ နှစ်နီးပါးအကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေငြာ လိုက်တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တဦးတည်းသမီးလေးအတွက် ရတတ်မအေး ဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာတော့ သူက သမီးကိုပါ မဲဆောက်ကိုခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
“သမီးအသက် ၂ နှစ်ခွဲကတည်းက ကောင်းကောင်းအတူမနေခဲ့ရဘူး၊ ဒီတခါတော့ သမီးနဲ့ အကြာကြီးနေခွင့်ရတော့မယ်ဆိုပြီး ပျော်တာပေါ့”
“သမီးက မြဝတီရောက်တော့ မဲဆောက်ကိုလာမယ့် ကားကြုံမရှိဘူး၊ မြဝတီမှာ တညအိပ်ရမယ်ပြောတော့ မလုပ်ပါနဲ့ ၊ ကျွန်မသမီးနဲ့ တံတားတခုပဲခြားတော့တာ၊ တွေ့ရတော့မယ့်ဟာကို၊သမီးနဲ့တွေ့ချင်လှပြီ ပိုက်ဆံပိုပေးဆိုလဲ ပိုပေးပါ့မယ်၊ အဆင်ပြေသလိုစီစဉ်ပေးပါဆိုပြီး အရောက်ခေါ်လိုက်ရတယ်”
ပြန်လည်ပြောပြနေတဲ့ ‘မခင်’ ရဲ့အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ခါပြီး တချက်တချက် တိမ်ဝင်သွားပါတယ်။
မခင်လို တကိုယ်တော်မိခင်တွေက စစ်အာဏာသိမ်းပြီးနောက်မှာ ပိုမိုများပြာလာခဲ့တယ်လို့လဲ မခင်က သူ့အမြင်ကို ပြောပါတယ်။
“ဒီနေ့ပဲ လာပြောတာ နှစ်ယောက်ရှိနေပြီ ၊ အမျိုးသားက အာဏာသိမ်းတာကိုလက်ခံတယ်၊ အမျိုးသမီးက ဒါကိုလက်မခံဘူး၊ ဒီလိုနဲ့ လမ်းခွဲကြတာတွေရှိတယ်၊ အာဏာသိမ်းပြီးနောက် ပိုများလာကြတယ်”
အခုအချိန်မှာတော့ မခင်က မဲဆောက်မြို့ကနေပဲ သူ့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM) မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦး အဖြစ် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
“တော်လှန်ရေးပြီးရင်တော့ ကျွန်မက မြန်မာပြည်ကိုပြန်မယ်၊ သမီးကတော့ သူ့ဘဝတက်လမ်းအတွက် ဒီမှာနေခဲ့ချင်လဲ ကျွန်မက မတားပါဘူး”
ဒီကနေ့မှ နောင်မရေတွက်နိုင်တဲ့ နေ့ရက်တွေအထိ ‘မခင်’ ဟာဆိုရင် တခုလပ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုကို အံတုပြီး တော်လှန်ရေးပြီး ဆုံးမယ့်နေ့ကို မျှော်လင့်ရင်း အမြဲတမ်း သမီးရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်သွားမယ့် တကိုယ်တော် မိခင်အဖြစ် ဆက်လက်ရှိနေဦးမှာပါပဲ။